နိုဝင်ဘာလ ၁ရက်နေ့ ကျောင်းပြန်ဖွင့်နိုင်ဖို့ စစ်အုပ်စုကြိုးပမ်းနေ

၁၀ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

နိုဝင်ဘာလ ၁ရက်နေ့မှာ အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်နိုင်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေပါတယ်။
 
အခြေခံပညာကျောင်းတွေအချို့ကို စစ်အုပ်စုက ညွှန်ကြားထားတဲ့စာတွေအရ အခုလ အတွင်းမှာ စာသင်ကျောင်းတွေကို သန့်ရှင်းရေးလုပ်ထားဖို့နဲ့ နိုဝင်ဘာလဆန်းမှာ ကျောင်းပြန်ဖွင့်နိုင်ဖို့ အတွက် အသင့်ပြင်ထားကြဖို့ ထည့်သွင်းဖော်ပြထားပါတယ်။
 
အကြမ်းဖက်စစ်အုပ်စုဟာ အသက် ၁၂နှစ်အောက် ကလေးငယ်တွေကိုပါ စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ လိုက်ထိုးပေးနေပြီးနောက်မှာ ပညာသင်နှစ်တစ်နှစ် နောက်မကျရေးအတွက်လို့ အကြောင်းပြပြီးတော့ အခုလို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
 
“နေရာတိုင်းကိုတော့ သူတို့ပြန်ဖွင့်ဖို့ လုပ်မှာ မဟုတ်ဘူး၊ တိုင်းရင်းသားနယ်မြေတွေမှာ ဒီလောက်တိုက်ပွဲတွေဖြစ်နေတာ၊ စာသင်ကျောင်းတွေမှာ သူတို့က တပ်စွဲထားပြီးတော့ နေတာတွေလည်းရှိနေတယ်၊ တစ်ခုတော့ရှိတယ် မြို့ပြတိုက်ပွဲတွေလာနေပြီမို့ စာသင်ကျောင်းတွေကို ဒိုင်းကာလုပ်ချင်တာကြောင့် အခုလို ဖွင့်ဖို့ကြိုးစားတာလည်း ဖြစ်နိုင်တယ်၊ ဧရာဝတီနဲ့ ရခိုင်က ကျောင်းတွေကိုတော့ ညွှန်ကြားတဲ့စာတွေ ကျွန်တော်တို့ဆီကိုရောက်ထားတယ်၊ ဒီအချိန်ကာလနဲ့ ဒီသင်ရိုးကို ကုန်အောင်သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကျောင်းအတက်ပြပြီးတော့ ချက်ခြင်း အတန်းတင်ပေးဖို့ပဲ လုပ်နိုင်မယ်၊ ဒါကလည်း ကလေးတွေရဲ့ အခြေခံကို ဖျက်ဆီးတာပဲ၊ ပြန်လည်တည်ဆောက်နေတာမှ မကြာသေးတဲ့ ပညာရေးကို ထပ်ဖျက်ဆီးတာ”လို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ ဗဟိုကော်မတီဝင်တစ်ဦးကပြောပါတယ်။
 
၂၀၂၁-၂၂ စာသင်နှစ်အတွက် အချိန်ဇယားဟာ ၄လခန့်သာ ရှိတော့ပြီး သင်ရိုးညွှန်းတန်းတွေအရ တစ်လစာကိုတောင်မှ သင်ကြားထားနိုင်ခြင်းမရှိသေးတာကြောင့် အခုလို ပညာသင်နှစ်တစ်နှစ် နောက်မကျရေးအတွက်ဆိုပြီး ကျောင်းပြန်ဖွင့်ဖို့ လုပ်ဆောင်တာဟာ မှားယွင်းတယ်လို့ ပညာရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
 
“သူတို့အဖေတွေလက်ထက်မှာတုန်းကလည်း မြန်မာက အာဆီယံဝင်ရေး မဝင်ရေးအတွက် အချိန်ကြာ ပြသနာတက်ပြီး တစ်ခါ ကျောင်းစာသင်ချိန် ကမောက်ကမဖြစ်ဖူးတယ် စနေ၊တနင်္ဂနွေတွေပါ တက်ခိုင်းတာတွေ၊ နွေရာသီပိတ်ရက်ကို လျှော့ချလိုက်တာတွေနဲ့ လုပ်ပြီးတော့ ဖွင့်မယ်ဆိုရင်လည်း ဒါဟာမလွယ်ကူတဲ့ ကိစ္စတစ်ခုပဲ”လို့ ပညာရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။