အာဆီယံမှာ မင်းအောင်လှိုင် ဘုံပျောက်မလား

၁၀ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ဒီလ အောက်တိုဘာ ၂၆ရက်ကနေ၂၈ရက်နေ့အထိ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက် စစ အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်ရ၊မရ ဆိုတာ အနာဂတ်မြန်မာ့အရေး အလားအလာကို အကြမ်းဖျဉ်းရှုမြင်နိုင်မှာဖြစ်ပါတယ်။

စက်တင်ဘာ၂၃ရက်နေ့၊နယူးယောက်မြို့ မှာကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး တွေအစည်းအဝေးမှာ မြန်မာ့အရေးအာဆီယံ သဘောတူညီချက် ၅ရပ်ကို လိုက်နာလာအောင် မြန်မာစစ်တပ်ကို ဖိအားပေးဖို့အရေးတကြီးလိုနေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ ပြီးနောက် အောက်တိုဘာ၄ရက်နေ့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ အာဆီယံကလည်း အဆိပ်ရှိကြောင်း ပြသလာပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးဖြေရှင်းဖို့ စစ်အုပ်စုက ပူးပေါင်းမှုမရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ပြောကြားခဲ့သလို အာဆီယံအထူးသံတမန်နဲ့မပူးပေါင်းဘူးဆိုရင် ဒီလကုန်ပိုင်း ကျင်းပ မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင် ရှိနေဖို့ခက်မယ်လို့လည်း အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ ပါတယ်။

အာဆီယံအထူးသံတမန် ဧရာဝဏ် ယူဆွဖ်လည်း အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင် လှိုင်ကိုတက်ရောက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေ ဆွေးနွေးနေတယ်လို့ ပြောခဲ့ပါတယ်။

အာဆီယံက အဲဒီလိုပြောပြီး ချက်ချင်းဆိုသလိုပဲ စစ်အုပ်စုပြောခွင့်ရဇော်မင်းထွန်းက အာဆီယံအထူး ကိုယ်စားလှယ်လာဖို့ မပိတ်ပင်ပေမဲ့ ဥပဒေနဲ့ ရင်ဆိုင်နေရသူတွေကအပ အကြမ်းဖက်လို့ကြေညာခံ ထားရသူတွေကအပ တွေ့နိုင်အောင်စီစဉ်ပေးမယ်လို့ ဘီဘီစီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင် မယ်လို့ ယုံကြည်တာဟာ မျက်ကန်းယုံကြည် မှုသာဖြစ်တယ်လို့လည်း ခပ်ပြင်းပြင်းတုံ့ပြန်လိုက်ပါတယ်။

စစ်အုပ်စုရဲ့တုံ့ပြန်မှုဟာ အာဆီယံဖိအားလောက်တော့ အဖက်လုပ်စရာမလိုဘူးလို့ ပြောလိုက်သလိုပါပဲ ဒီနေ့အချိန်ထိတော့ အာဆီယံနိုင်ငံတွေရဲ့ ဆွေးနွေးမှုရလဒ်ကို မသိရသေးပါဘူး။အခုဆိုရင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပဖို့ ၁၅ရက်လိုပါသေးတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှား၊အင်ဒိုနီးရှား၊စင်ကာပူ စတဲ့ အ ကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာရူးပြဿနာကို လက်မခံတဲ့ နိုင်ငံတွေရှိသလို ထိုင်း၊ကမ္ဘောဒီးယားနဲ့လာအို တို့လို အာဏာရှင်တစ်ပိုင်းနိုင်ငံတွေလည်းရှိနေပါတယ်။

ဒါ့ကြောင့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံ စည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ညှိကြနှိုင်းကြနဲ့ လက်ချင်းပြန်ချိတ်ကြမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ‘တည့်တည့်ပြောရရင် စကစ ကို ဘာမှ အတည် တွက်မရဘူး’လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးအာဆီယံမူ၅ရပ်ကို ဆက်လက်ဆုပ်ကိုင်သွားဖို့ မြန်မာ့အရေးလှုပ်ရှားသူ တွေက တွန်းဖိထားရမယ်လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကြီးလွန်းတာကို မင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးမနာလိုစိတ်ကြီးတယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါရှင်တစ်ဦးက ဆိုပါတယ်။

အဲဒီလိုမနာလို စိတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဂွင်ထဲ လုံးဝပြန်မရောက်ရေးဟာ မင်းအောင်လှိုင်ရဲ့ မဟာ ရည်မှန်းချက် ဖြစ်တဲ့အကြောင်း ဒါ့ကြောင့် အာဆီယံအထူးသံတမန်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ကို ခွင့် ပြုဖွယ်မရှိဘူးလို့ သူကကောက်ချက်ချပါတယ်။

‘အခုမင်းအောင်လှိုင်ရဲ့အခင်းအကျင်းက အလဲထိုးပွဲပါ။သူနိုင်ကိုယ်နိုင်ဆိုတာမရှိတော့ဘူး။သူမလဲရင် ကိုယ်လဲ။အာဆီယံပြောသလိုသူလုပ်မှာမဟုတ်ဘူး။သူပြောသလို အာဆီယံလုပ်ပေးဖို့ တောင်းဆိုနေတာ’လို့ သူက ထပ်ပြောပါတယ်။

နိုင်ငံရေးဆောင်းပါးရှင် ဆရာရဲမြင့်ကျော်ကလည်း အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကျူးလွန်တဲ့ အကြမ်းဖက်မှု တွေကို အာဆီယံထီးရိပ်ကာပြီးလုပ်ခဲ့ပေမဲ့ အခုခါမှာတော့ အာဆီယံဘက်ကလည်း အကာအကွယ်ပေးနိုင်တဲ့ အ ခြေအနေမရှိတော့ဘူးလို့ဆိုပါတယ်။

‘နိုင်ငံတကာဖိအားတွေကလည်းအာဆီယံအပေါ်ရှိလာတဲ့အခါကျတော့ သည်းမခံနိုင်တဲ့ အခြေအနေပေါ့’ လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီးဆရာရဲမြင့်ကျော်က စစ်တပ်အနေနဲ့ ဒီရက်ပိုင်းအတွင်းအကြမ်းဖက်မှုတွေများလာသလို ထိုးစစ် ပြင်ဖို့တပ်ဖြန့်တာတွေများလာလို့ ကုလသမဂ္ဂကတောင်သတိပေးရတယ်လို့ဆိုပါတယ်။

‘ကျွန်တော်ထင်တာကတော့ မြန်မာကို အာဆီယံအစည်းအဝေးပေးမတက်ဖို့များပါတယ်။အာဆီယံအနေနဲ့ စစ်ကောင်စီကို မကိုင်တွယ်နိုင်မဲ့အတူတူ အာဆီယံထိပ်သီးအစည်းအဝေးပေးမတက်တာ သူတို့ရဲ့အကောင်းဆုံး ထွက်ပေါက် ဖြစ်မှာပဲ။’လို့ သူကဆက်ပြောပါတယ်။

ထိပ်သီးအစည်းအဝေးမတက်ရခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အကြမ်းဖက်စစ်အုပ်စုဟာ တရားဝင် မှုပိုနည်းသွားမှာဖြစ်သလို နိုင်ငံတကာမှာ စစ်အုပ်စုကို အကာအကွယ်ပေးမယ့် အပေါင်းအသင်းနည်း သွားမယ် လို့လည်း ဆရာရဲမြင့်ကျော်က ကောက်ချက်ချပါတယ်။