ရွှေဘိုရဲစခန်းထဲ ဗုံး ဆယ်လုံးပစ်သွင်းတိုက်ခိုက်ခံရ

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ရွှေဘိုမြို့မရဲစခန်းထဲကို ဒေသခံပြောက်ကျားတပ်ဖွဲ့ က ဒီနေ့မနက်၈နာရီလောက်မှာ လက်ပစ်ဗုံး၁၀လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ရွှေဘိုမြို့မရဲစခန်းဟာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကိုရန်စစော်ကားထား တဲ့ ‘လာမဝိုင်းနဲ့ သေတတ်သည်’ လို့ ရေးသားထားတဲ့ ဗီနိုင်းကို ရဲစခန်းအဝင်ဝမှာချိတ်ဆွဲထားရုံတင်မက လင့်စင်တွေမှာ ဆောက်ထားတာပါ။

ရွှေဘိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းကို တောင်၊မြောက်နှစ်ဖက်ညှပ်ပြီး ရဲစခန်း ထဲ လက်ပစ်ဗုံး၁၀လုံးပစ်သွင်းခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ချက်ချင်းပြန်မပစ်ရဲဘဲကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ ရွှေဘို PDF ကထုတ်ပြန်ပါတယ်။

ပြောက်ကျားတပ်ဖွဲ့ဝင်တွေဆုတ်ခွာပြီးမှသာ ရဲစခန်းထဲကနေ ရမ်းပစ်တဲ့သေနတ်သံကို ကြားရတယ်လို့လည်း သိရပါတယ်။

‘သိပ်အပြောကြီးပြီးစော်ကားထားလို့ ရွှေဘိုPDF က ဗုံးပစ်သွင်းတာထင်တယ်။ရွှေဘိုတစ်မြို့လုံး အပြော ကြီးတဲ့ရဲတွေကို ဝိုင်းဟားနေကြတယ်’လို့ ရွှေဘိုမြို့ခံတစ်ဦးကပြောပါတယ်။

အနီရောင်နယ်မြေမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးဖြစ်လို့ ရဲ စခန်းထဲ ဘယ်နှယောက် သေဆုံးဒဏ်ရာရသလဲ ဆိုတာကို မသိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့သားတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဆင်ထားတဲ့ CCTV တွေကို ဖျက်ဆီးခြင်းနည်းနဲ့ PDF တွေကို ကူညီကြဖို့လည်း ရွှေဘိုPDF ကထုတ်ပြန်ထားပါတယ်။