ရန်ကုန် Brave Bar မှာ လူအယောက် ၂၅၀ကျော် အဖမ်းခံရ

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar အတွင်း သောက်စားပျော်ပါးနေတဲ့ ကျား၊မ ၂၅၀ကျော် ကို စစ်အုပ်စုက မနေ့ည ၁၂နာရီဝန်းကျင်လောက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ငွေကြေးသုံးဖြုန်းနိုင်တဲ့စစ်အုပ်စုနဲ့မကင်းရာမကင်းကြောင်းတွေသာဖြစ်ပြီး မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

‘လူမြင်မကောင်းအောင်နာမည်ကြီးနေလို့ ဟန့်တဲ့အနေနဲ့ဝင်ဖမ်းတာပါ။တကယ်ပိုင်ရာဆိုင်ရာတွေက ညတွင်းချင်းပဲပြန်လွတ် တယ်။မပိုင်တဲ့သူကတော့ ငွေပေးပေါ့။အခုဒီမနက်မှာလည်း ခံဝန်ပုံစံမျိုးနဲ့ပြန်လွှတ်ပေးနေတယ်’လို့ ရန်ကုန်မြို့အခြေစိုက် ရဲအုပ်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တော်အတွင်း ည၁၀နာရီကနေမနက်၄နာရီအထိ ညမထွက်ရအမိန့်ကို စစ်အုပ်စုက ထုတ်ပြန်ထားပေမဲ့ ညဘက်ရောက်မှသာလူစည်တဲ့ ကေတီဗီ၊ဘားနဲ့နိုက်ကလပ်တချို့ဟာ ခိုးဖွင့်နေကြပါတယ်။

‘ဒီလိုလုပ်ငန်းမျိုးလုပ်တာက စစ်တပ်အနွယ်ထဲကကောင်တွေပဲဆိုတော့ ပိုင်ကြတယ်။ ငွေပေးရမယ့်အာဏာပိုင်ကို လည်းပေးတယ်။အဲဒီလိုဆိုတော့ တရားမဝင်ဘူးဆိုပေမဲ့ တရားဝင်လိုဖွင့်လို့ရနေတယ်’လို့ ရဲအုပ်ကဆက်ပြောပါ တယ်။

ရန်ကုန်မြို့နေတက္ကစီယာဉ်မောင်းတစ်ဉီးကလည်းကိုဗစ်တတိယလှိုင်း ငြိမ်သွားတဲ့ ဩဂုတ်လကုန်ပိုင်းကစလို့ ကလပ်နဲ့ဘားတချို့ခိုးဖွင့်နေတာမှန်ကန်တယ်လို့ ဆိုပါတယ်။

မရမ်းကုန်းမြို့သားတစ်ဦးက အာဏာကြီးအသိုင်းအဝိုင်းထဲက သားသမီးတွေဟာ လုံခြုံရေး မတင်းကျပ်တဲ့ညတွေမှာ ညမထွက်ရအချိန်အတွင်း ကလပ် ကနေပြန်လာတာမျိုးရှိပြီး အများစုကတော့ ကလပ်နဲ့ဘားတို့မှာ မနက်၄နာရီအ ထိနေပြီးမှ အိမ်ပြန်ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပေါ် စစ်တပ်ကရမ်းကားနေခြင်းနဲ့ ခရီးသည်မရှိတာကြောင့်တက္ကစီယာဉ်မောင်းတွေဟာ မနက်၆နာရီ လောက်မှသာ လမ်းမပေါ်တက်ရဲကြတယ်လို့ တက္ကစီယာဉ်မောင်းကဆိုပါတယ်။

‘မယုံရင်စောင့်ကြည့်၊အခုဝင်ဖမ်းခံရတဲ့ ဘားပိုင်ရှင် အဖမ်းခံရသလား ၊တရားစွဲခံရသလား။သေချာတယ်။ရဲစခန်းအချုပ်ထဲ‌ တစ်နာရီတောင်မနေရဘူး’လို့ ရဲအုပ်က ထပ်ပြောပါတယ်။