ခရမ်းမြို့မှာ NLDပါတီဝင်နှစ်ဦးရဲ့နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ခရမ်းမြို့နယ် ရိုးကြီးကျေးရွာနဲ့ ခင်တန်းကျေးရွာမှာရှိတဲ့ NLDပါတီဝင် နှစ်ဦးရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဖောက်ထွင်းဝင်ရောက်ပြီး နေအိမ်ကိုဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ ရိုးကြီးကျေးရွာ NLDပါတီဥက္ကဌ ဦးသက်ဆွေ နေအိမ်နဲ့ ခင်တန်းကျေးရွာရှိ NLDတိုင်းအလုပ်အမှုဆောင် ဦးဇော်ဝင်းအောင်တို့ရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက သော့ဖျက်ဝင်ရောက်ကာ အဖိုးတန်ပစ္စည်းတွေကို ခိုးယူခဲ့တာလို့ သိရပါတယ်။

“သူတို့နှစ်ယောက်လုံးက အိမ်ကိုပိတ်ထားပြီးတော့ အခြားမှာရှောင်တိမ်းနေတာကြာပြီ၊ စစ်တပ်က လာပြီးတော့ ဝင်ဖျက်ပြီးတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတယ် အဖိုးတန်ပစ္စည်းတွေထဲက သယ်လို့လွယ်တာတွေကို ခိုးသွားတယ်၊ တစ်အိမ်လုံးကို ရစရာမရှိအောင် ဖျက်ဆီးခဲ့တာ”လိုပ ဒေသခံတစ်ဦးကပြောပါတယ်။

ရိုးကြီးကျေးရွာ ဒေသခံပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားပြီး ဘယ်ကိုဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။