၁၀၊ စက်တင်ဘာလ၊ ၂၀၂၁။
တရားမဝင်အာဏာသိမ်းတဲ့အကြမ်းဖက်မြန်မာစစ်တပ်ကို ယူကရိန်းက စစ်လက်နက်ပံ့ပိုးမှုတွေ ဆက်လုပ်နေတယ်လို့ Justice for Myanmar အဖွဲ့ မနေ့ကထုတ်ပြန်ပါတယ်။
လူအများအပြားသတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ကို အခုချက်ချင်း စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေး ပြဌာန်းလုပ်ဆောင်ဖို့နဲ့ မြန်မာစစ်တပ်နဲ့ ဆက် နွယ်မှုတွေကို ဖြတ်တောက်ဖို့ Justice for Myanmar က တောင်းဆိုပါတယ်။
တစ်ဆက်တည်းမှာ ယူကရိန်းကို စစ်ဘက်အကူအညီပေးသူတွေ အထူးသဖြင့် အမေရိကန်ပြည် ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ စံနှုန်းတွေကို လိုက်နာစေရေး ယူကရိန်းကို ဖိအားပေးဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။
Justice For Myanmar ရဲ့လေ့လာမှုအရ ၂၀၁၅ ခုနှစ်ကစပြီး လေယာဉ်တွေ၊ သင်္ဘောတွေ၊ တင့်ကားအစိတ်အပိုင်းတွေကို တင်ပို့ခဲ့ပြီး လေကြောင်း ထောက်လှမ်းရေး ရေဒါတွေကိုလည်း မြန်မာစစ်တပ်နဲ့ ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားတွေဆီကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းအတွက် မြန်မာ့အကြီးဆုံးစစ်လက်နက်ပွဲစားဟာ အောင်လှိုင်ဦး ဆိုသူဖြစ်ပြီး သူ့ကို ယူကရိန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ချီးမြှင့်ထားကာ အဲဒီရာထူးကနေ မဖြစ်မနေ ဖယ်ရှားရမယ်လို့ Justice for Myanmar က တောင်းဆိုပါတယ်။