တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အင်အား ၁၀၀နဲ့ NUG ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ ပူး​ပေါင်း

၈၊ စက်တင်ဘာလ၊ ၂၀၂၁။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(TDF)ဟာ စစ်သည်အင်အား ၁၀၀ ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဝင်ရောက်ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

TDF ဟာ စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် NUG ရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေအနဲ့အညီ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို အစွမ်းကုန်တွန်းလှန်ချေမှုန်း သွားမယ်လို့ ထပ်လောင်းအသိပေးထားပါတယ်။

ဒါ့အပြင် TDF ရဲ့ အရန်တပ်တွေဟာလည်း တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

စက်တင်ဘာ ၇ ရက်မှာ ပြည်သူ့တော်လှန်ရေး စတင်တဲ့နေ့အဖြစ် NUG က စတင်ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့၊ ဝန်ထမ်းတွေအနေနဲ့ ရုံးလုပ်ငန်းတွေ ဆက်လက်မလုပ်ဆောင်ဖို့၊ စစ် ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ အမြန်နှုတ်ထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ရဲတွေ၊ တပ်မတော်သားတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့၊ စစ်ရေးကာလ အတွင်း ပြည်သူတွေအနေနဲ့ ရိက္ခာနဲ့ဆေးဝါးတွေ စုဆောင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဒါ့​ကြောင့် စစ်အုပ်စုရဲ့ ယန္တရားတွေကို ထောက်ကူလည်ပတ်စေနိုင်တဲ့ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်တွေကို အရန်တပ်ဖွဲ့တွေနဲ့ ပြင်ပကနေ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးကြေညာခဲ့ပါတယ်။