စစ်အုပ်စု တရုန်ကိုသွားမဲ့လမ်းကို KIA ပိတ်ဆို့ထား

၇၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားရာချီပါဝင်တဲ့ စစ်ကြောင်းဟာ တနိုင်းကနေ တရုန်ကိုချီတက်လာတဲ့ လမ်းကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းပိတ်ဆို့တာကြောင့် ဒီကနေ့ စက်တင်ဘာလ ၇ရက်နေ့ နံနက်ပိုင်းကစတင်ပြီး တနိုင်း ရှင်ဗွေယန်လမ်းကြောင်းကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

တနိုင်းဘက်က တက်လာတဲ့ကားတွေကို ပန္နက်ကျေးရွာမှာ ပိတ်ထားပြီး ရှင်ဗွေယန်ကနေ တနိုင်းကို လာရောက်တဲ့ ကားတွေကို လဂျားဘွမ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၅ က ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပေါ်တင်ဖြစ်နေတယ်။အခုတော့ သူတို့(စစ်တပ်) ရှိန်လုံအထိရောက်ပြီ။ အဲဒါကို KIA ဘက်က မသွားခိုင်းဘူး။ သွားရင် ပစ်မယ်လို့ ပြောထားတယ်။ စစ်တပ်ဘက်ကလည်း အမိန့်အရဆိုတော့ သွားကိုသွားမယ်ထင်တယ်။”လို့ တရုန်ဒေသခံတစ်ဦးက ပြောပါတယ်။

အင်အားရာဂဏန်းပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ တရုန်ဘက်ကိုဝင်မဲ့ အစီစဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကန့်ကွက်ထားပြီး ဝင်ရောက်လာပါက

ပစ်ခတ်မယ်လို့ ကြေညာထားတာကြောင့် လက်ရှိ တနိုင်း တရုန်လမ်းကြောင်းပေါ်မှာ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

တနိုင်းက တက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ရှိန်လုံဂါးကျေးရွာကို ရောက်ရှိနေပြီး တရုန်ကို ဆက်သွားနိုင်ဖို့ လမ်းကြောင်းရှာဖွေနေပါတယ်။

တရုန်ကျေးရွာမှာ အရင်က စစ်အုပ်စုက စစ်တပ်တစ်ခုတပ်စွဲထားခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနိုင်း ဒကစကို သွားရောက်ပူးပေါင်းခဲ့တာကြောင့် KIA တပ်ရင်း ၄၅က တရုန်ကျေးရွာကို ဝင်ရောက် ထိန်းချုပ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ KIA ပိတ်ဆို့ထားတဲ့ လမ်းကြောင်းအတိုင်း တရုန်ကို ဆက်လက်ချီတက်လာပါက တိုက်ပွဲဖြစ်ပွားလာမှာမို့ သတိအနေအထားနဲ့ နေနေရတယ်လို့ တရုန်ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၇ရက်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့အဖြစ် ကြေညာခဲ့ပြီး အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားပါတယ်။

Credit- kachin News Group