ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် ဘောလုံးသမားဘဝက အနားယူပြီလို့ တရားဝင်ကြေညာ

၄၊ စက်တင်ဘာလ၊ ၂၀၂၁။

အသက် ၃၅ နှစ်အရွယ် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ မနေ့က တရားဝင် ကြေညာခဲ့ပါတယ်။ အနီးစပ်ဆုံးအဖြစ် စီးရီးအေကလပ် အေစီမီလန်အသင်းအတွက် ရာသီဝက် ကစားပေးခဲ့တဲ့ မန်ဇူကစ်ဟာ နာမည်ကြီးဥရောပ ကလပ်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ အက်သကလ်တီကိုနဲ့ ဂျူဗင်တပ်စ် စတဲ့အသင်းတွေမှာ ကစားသမားဘဝ ဖြတ်သန်းခဲ့ပါတယ်။

မန်ဇူကစ်က “မင်းက အကောင်းဆုံး အရာတွေကို ပေးမယ်ဆိုရင် အားလုံးရဲ့ အထက်မှာ အောင်မြင်မှုရနေလိမ့်မယ်။ အများကြီး အနစ်နာခံပြီး အံ့အားသင့်စရာ အခိုက်အတံ့တွေနဲ့ ကြုံလာချိန်တိုင်း ဒါတွေဟာ မင်းနဲ့ ထိုက်တန်တယ်ဆိုတာ ကောင်းကောင်းသိပါလိမ့်မယ်။

ဘောလုံးဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် အနားယူခဲ့ရင်လည်း နောက်ထပ် အခန်းကဏ္ဍတစ်ခုကို ရှာဖွေရဦးမှာဖြစ်တယ်”လို့ မန်ဇူကစ်က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးတင်အသိပေးခဲ့ပါတယ်။

မန်ဇူကစ်ဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေပြသခဲ့ပြီး ဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့နှစ် ဗိုလ်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းအနေနဲ့ ပြင်သစ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ နိုင်ငံ့အသင်းအတွက် ပွဲပေါင်း ၈၉ ပွဲမှာ သွင်းဂိုး ၃၃ ဂိုး၊ ကလပ်အသင်းတွေအတွက် ပွဲပေါင်း ၅၈၂ ပွဲမှာ သွင်းဂိုး ၂၂၈ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မန်ဇူကစ်ဟာ အသက် (၃၅) နှစ်အရွယ်မှာ ဘောလုံးသမားဘဝက နားယူပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အကာကွယ်ယူလိုတဲ့ ဘယ်သူမဆို KNUကူညီမယ်

Read Next

အင်းစိန်မြို့နယ်မှာ ဒလန်လို့နာမည်ကြီးနေတဲ့ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေ