ဦးတေဇနဲ့ ထူးလုပ်ငန်းစုကို ဗြိတိန်အစိုးရက အရေးယူပိတ်ပင်

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ လက်နက်ဝယ်ယူမှု လမ်းကြောင်းမှာ ပါဝင်ကူညီနေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူ့ရဲ့ထူးလုပ်ငန်းစုကို ဗြိတိန်အစိုးရက တားမြစ်ပိတ်ပင် အရေးယူသွားမယ်လို့ ဒီကနေ့ စက်ဘာလ (၃) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာရှဒေသဆိုင်ရာယူကေနိုင်ငံခြားရေးဝန်ကြီး နိုင်ဂျယ် အဒမ်စ်က “မြန်မာ့စစ်တပ် လက်နက်ဝယ်ယူမှုကို အကူအညီပေး‌နေသူ ဦးတေဇနဲ့ သူ့ ရဲ့ ထူးလုပ်ငန်းစုကို ပိတ်ဆို့အရေးယူသွားမယ်” လို့ ပြောခဲ့တာပါ။

ဒါ့အပြင် မြန်မာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီရရှိရေးအတွက်တိုက်ပွဲ‌ဝင်‌နေကြတဲ့ အရပ်သား ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းမှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ မည်သူကိုမဆို ယူကေအစိုးရက ပစ်မှတ်ထား အရေးယူသွားမှာဖြစ်တယ်လို့လည်း အသိပေးပါတယ်။

ဦးတေဇဟာ မြန်မာစစ်အုပ်စုကို အဓိက ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူပါ။

 

ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက် ဗြိတိန်အစိုးရဟာ စစ်တပ်အကြီးအကဲ တချို့အပြင် သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဦးတေဇဟာ ၂၀၁၇ ခုနှစ်မှာဖြစ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရခိုင်ပြည်နယ် ရိုဟင်ဂျာလူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ကူညီမှုတွေ ပေးခဲ့သူဖြစ်ပြီး လက်ရှိ စစ်အုပ်စု လက်နက်ဝယ်ယူရေး လမ်းကြောင်းမှာလည်း အဓိက ပါဝင်ပတ်သက်နေလို့ အခုလို အရေးယူပိတ်ဆို့လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာအာဏာသိမ်းစစ်အုပ်စုဟာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းတာတွေကို ရပ်တန့်တဲ့ အရိပ်အယောင် မရှိတာကြောင့် ဗြိတိန်အပါအဝင် နိုင်ငံအချို့က ကလေးငယ်တွေအပြင် အပြစ်မဲ့ ပြည်သူတွေ နှိမ်နင်းရာမှာ အသုံးပြုတဲ့ လက်နက်ဝယ်ရေးအတွက် ငွေကြေးသုံးစွဲမှုတွေကို ကန့်သတ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ်ရဲ့ G7အလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့ ဗြိတိန်ရဲ့ ဦးဆောင်မှုအောက်မှာ G7 နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး၊ အကြမ်းဖက်မှုကို အဆုံးသတ်ရေးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။