မြောင်မြို့က ဒလန်လို့ နာမည်ကြီးနေသူ အသတ်ခံရ

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

မြောင်မြို့နယ် ဆူးလေးကုန်းကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ ကိုဖြိုးဇာတိမော် အသက်(၂၀)နှစ်ဟာ စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုဖြိုးဇာတိမော်ကို သတ်ဖြတ်ခဲ့တာဟာ နှလုံးလှလူမိုက်ကြီးများအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ဆူးလေးကုန်းကျေးရွာတွင် နေထိုင်သော ဖြိုးဇာတိမော်သည် ကျေးရွာလူထုအား စိန်ခေါ်ရမ်းကားရုံသာမက မဟုတ်မမှန်သော သတင်းများကို စကစထံ သွားရောက်သတင်းပို့ နေသောကြောင့် ကျေးရွာလူထု အေးချမ်းသာယာရေးအတွက် နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ

စက်တင်ဘာ ၂ ရက် ည ၁၂ နာရီခန့်က သုတ်သင် ရှင်းလင်းခဲ့သည်။ ထို့နောက် ကျေးရွာလူထု မထိခိုက်စေရေးအတွက် အလောင်းပါ ယူဆောင်ရှင်းလင်းခဲ့သည်”လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် ကိုဖြိုးဇာတိမော်ရဲ့ ပထွေးဖြစ်သူဟာလည်း ကျေးရွာလူထုကို ဖိနှိပ်မှုတွေ လုပ်ဆောင်နေပြီး စစ်အုပ်စုကို သတင်းပေးလုပ်ဆောင်နေမှုတွေ ရပ်တန့်ဖို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က သတိပေးခဲ့ပါတယ်။

ကိုဖြိုးဇာတိမော်ဟာ ဆူးလေးကုန်းကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီးတော့ သတင်ပေးလုပ်ဆောင်တာအပြင် ရမ်းကားဆဲဆိုနေသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။