ပုသိမ်မှာ လူငယ်တွေကို PDF လို့ စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စုက လိုက်လံဖမ်းဆီးနေ

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

ဧရာ၀တီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ် (PDF) လို့ စွပ်စွဲပြီး လူငယ် ၈ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၃၀ရက်နေ့က ရွာက ကောင်လေး ၂ယောက်ကိုဖမ်းပြီး ၁ယောက်ပဲပြန်လွှတ်တယ် ၊ ၃၁ရက်နေ့က ကောင်လေးတစ်ယောက်က သူ့နာမည်ထွက်နေလို့ မပါကြောင်းသွားပြောတာ ဖမ်းထားလိုက်တယ် ၊ ၁ရက်နေ့က ရွာNLDပါတီက ၂ယောက်ကိုလာဖမ်းတယ် ၊ ၂ရက်နေ့ကတော့ လာတယ် ဖမ်းမသွားဘူး ၊
ရွာကလူငယ်တွေ ရှောင်ပုန်းနေရတယ်”လို့ ပုသိမ်မြို့နယ် ရှောပြာကျေးရွာဒေသခံ တစ်ဦးက DELTA NEWS AGENCY ကို ပြောပါတယ်။

စက်တင်ဘာ ၁ရက်နေ့ညက ပုသိမ်မြို့ရာမည ရပ်ကွက်ကို စစ်ကားတွေရောက်လာပြီး လူငယ် ၃ဦးကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။

“မနေ့ကညက ၁၁နာရီလောက် စစ်ကားတွေ၀င်လာပြီး ၇လမ်း၊ ၈လမ်းနဲ့ ၁၁လမ်းက လူငယ်၃ယောက်ကို ဖမ်းသွားတာ PDFဆိုပြီး “လို့ ရာမညရပ်ကွက်နေသူက ပြောပါတယ်။

စက်တင်ဘာ၂ရက်နေ့ နေ့လည်ပိုင်းကလည်း သလပ်ခွာကျေးရွာကို စစ်အုပ်စု ၀င်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသားတစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ၃၀ရက်နေ့ကစပြီး ပုသိမ်မြို့ပေါ်ရပ်ကွက် နဲ့ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကားတွေ၊အရပ်၀တ်တွေနဲ့ ၀င်ရောက်ဖမ်းဆီးတာတွေ၊ စာသင်ကျောင်းမှာ တပ်စွဲတာတွေနဲ့ ညဘက် အင်အားအပြည့် ၀င်ရောက်ဖမ်းဆီးတွေ ဆက်တိုက်ပြုလုပ်နေပြီး ရပ်ကွက်တွင်းက PDFလို့ ယူဆသူစာရင်းတွေကို စစ်တပ်သတင်းပေး(ဒလန်)တွေက စုဆောင်းပေးနေတယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။

Delta News Agency

Read Previous

မန်ယူအသင်းရဲ့ ဂန္ထဝင်နံပါတ် ၇ အကြောင်းကို ကစားသမားဟောင်း ဒီမာရီယာ ဘာပြောလဲ 

Read Next

တန့်ဆည်မြို့မှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိ