KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာကောန်လကို စစ်အုပ်စုက ဖမ်းဆီး

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ဥက္ကဌ Dr. M Kawn La ကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၅ရက်နေ့ မွန်းလွဲ ၃နာရီခန့်မှ ဖမ်းဆီးသွားခဲ့တယ်လို့ KNC ပါတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်မှာ နေထိုင်နေတဲ့ ဒေါက်တာကောန်လကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

“မနေ့ညနေ ဖမ်းဆီးခံရတာဖြစ်တယ်။ သူ့ရုံးခန်းက အပြန်ထင်တယ်။ ကားအပါ ခေါ်သွားတယ်လို့သိရတယ်။ ဘာကြောင့်ဆိုတာ ကျနော်တို့လည်း သေချာမသိရသေးဘူး။ သူနဲ့လည်းအဆက်အသွယ်မရတော့။ ဖမ်းဆီးခံရတာဘဲ သိတယ်”လို့ ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက Kachin News Group မီဒီယာကို ဖြေကြားထားပါတယ်။

 

ဒေါက်တာကောန်လကို အကြမ်းဖက်စစ်အုပ်က ဘာ့ကြောင့်ဖမ်းဆီးတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရှိရသေးဘူးလို့ သိရပါတယ်။

ဒေါက်တာကောန်လဟာ ကချင်စတိတ်ဆိုင်ရာ မူဝါဒတွေကို ထုတ်ပြန်နေတဲ့ Kachin People’s Political Front – KPPF မှာလည်း ပါဝင်သူဖြစ်ပါတယ်။

KNCပါတီဟာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့အာဏာလုယူပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အစည်းအဝေးတိုင်းကိုလည်း တက်ရောက်ခြင်းမရှိခဲ့တဲ့ ပါတီတစ်ခုပဲဖြစ်ပါတယ်။

Souce- Kachin News Group