ပုသိမ်မြို့လယ်က ဖြတ်ထိုးမယ့် တံတားသစ်စီမံကိန်း နှင့် ဒေသခံတွေရဲ့ သဘောထား

၂ ၊ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့ နေရာကနေ ငဝန်မြစ်ကို ဖြတ်ပြီး တံတားသစ်ကြီး တစ်စင်းထိုးဖို့ မြေစမ်းသပ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ် ။ ပုသိမ်မြို့ မြို့တော်ခန်းမဘေး မဟာဗန္ဓုလလမ်းမကြီးကနေ စိန်ကုန်းကူးတို့ဆိပ်ကို တိုက်ရိုက်ဖြတ်ပြီး တံတားထိုးဖို့ မြေစမ်းသပ်နေတာ ဖြစ်ပါတယ်။

ပုသိမ်ကနေ ငွေဆောင်၊ ချောင်းသာ နှင့် မော်တင်စွန်း ဘက်ကို သွားရာမှာ အဓိကကျတဲ့ ပုသိမ်တံတားက ၂၀၁၆ ဖေဖေါ်ဝါရီလထဲမှာ ပင်မတံတားကြီး နှင့် ချည်းကပ်တံတားဆက်ကြောင်း အနီးတဝိုက် အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် တံတားသစ်တစ်စင်း တည်ဆောက်ဖို့
တာဝန်ရှိသူတွေက စတင်စီစဉ်ခဲ့ကြရတာ ဖြစ်ပါတယ် ။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထဲမှာ ထဲ့သွင်းရေးဆွဲထားတဲ့ ဒီငဝန်မြစ်ကူးတံတားအသစ်စီမံကိန်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်မယ်ဆိုရင် စတင်ဆောက်လုပ်တော့မှာ ဖြစ်ပါတယ် ။ ဒီတံတား စီမံကိန်း နှင့်ပါတ်သက်ပြီး ပုသိမ်မြို့ ခံတွေရဲ့ အမြင်တွေက ဘယ်လိုရှိတယ်ဆိုတာကို Delta News Agency က မေးမြန်းတင်ဆက်ထားပါတယ် ။