၁၀ ၊ ဇွန်လ ၊ ၂၀၂၁ ။
မြန်မာ့နွေဦးတော်လှန်ရေးမှာ ဦးဆောင်လှုပ်ရှားနေတဲ့ ဒေါက်တာတေဇာဆန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဇွန်ဒီမိုကရေစီအရေးတော်ပုံ ဂုဏ်ထူးဆောင်ဆုချီးမြင့်ခံခဲ့ရပါတယ်။
ဒီကနေ့ ကျရောက်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ၃၄နှစ်မြောက် ဇွန် ၁၀ ဒီမိုကရေစီ တော်လှန်ရေးနှစ်ပတ်လည်နေ့မှာ အခုလို ဆုချီးမြင့်ခဲ့တာပါ။
“ကိုတေဇာဆန်းဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို အံတုကာ မြန်မာ့ဒီမိုကရေစီနဲ့ ပြည်သူတွေရဲ့လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ သက်စွန့်ကြိုးပမ်းခဲ့တယ် ၊ ကိုရီးယား အစရှိတဲ့ အာရှဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး လူသားတို့ရဲ့ အခြေခံ အခွင့်အရေးနဲ့ တန်ဖိုးဖြစ်တဲ့ ဒီမိုကရေစီစနစ် တိုးတက်ရေးအတွက် ကြိုးပမ်း အားထုတ်ခဲ့တဲ့အတွက် ဒီဆုကို ချီးမြင့်ရခြင်းဖြစ်တယ်”လို့ ဆုချီးမြင့်တဲ့ ဂွမ်ဂျူးဂျွန်နမ်းနှစ်ပတ်လည်ပွဲကျင်းပရေး ကော်မတီက ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကိုတေဇဆန်းဟာ မန္တလေးမြို့ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဆုကိုတော့ ကိုတေဇာဆန်း ကိုယ်စား တောင်ကိုရီးယားရောက် ကိုဇော်မိုးအောင်(ဥက္ကဌ၊ ကိုရီးယား မြန်မာ ပူးတွဲ လုပ်ဆောင်ရေးအဖွဲ့)က လက်ခံရယူပြီး မြန်မာပြည်တွင်းက ပို့ပေးလာတဲ့ ကိုတေဇာဆန်းရဲ့ ကျေးဇူးတင်စကားကိုလည်း ဖတ်ကြားခဲ့ပါသည်။
တောင်ကိုရီးယားရဲ့ ဇွန် ၁၀ ဒီမိုကရေစီတော်လှန်ရေးနေ့ဟာ ၁၉၈၇ခုနှစ် ဇွန်လ ၉ရက် ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲမှာ ယွန်ဆဲတက္ကသိုလ်ကျောင်းသား အီဟန်ယောလ်ဟာ အာဏာရှင်သမ္မတဂျွန်ဒူးဟွမ်ရဲ့ လက်ပါးစေတွေ လက်ချက်နဲ့ ကျဆုံးအပြီး လူထုတစ်ရပ်လုံး ပါဝင်လာတဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲအသွင် ကူးပြောင်းခဲ့တဲ့ သမိုင်းဝင် ဒီမိုကရေစီ တော်လှန်ရေးနေ့ ဖြစ်သည်။