၂၇ ၊ မေလ ၊ ၂၀၂၁ ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် သဘာဝဓါတ်ငွေ့တင်ပို့မှု အမြတ်ငွေတွေကို မြန်မာစစ်တပ်ကို ပေးချေဖို့ ဆိုင်းငံ့လိုက်ပြီလို့ ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total က မေလ ၂၆ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရတနာသဘာဝဓါတ်ငွေ့တွင်းကနေ ထိုင်းမြန်မာနယ်စပ်ဆီ ပို့ဆောင်တဲ့ မုတ္တမသဘာဝဓါတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ MGTC ရဲ့ ရှယ်ယာအဖွဲ့ဝင်တွေထဲမှာ ပြင်သစ်Total ကုမ္ပဏီ၊ အမေရိကန် Chevron ကုမ္ပဏီ၊ ထိုင်း PTTEP ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE တို့ ပါဝင်ပါတယ်။
မေလ ၁၂ရက်နေ့ အစည်းအဝေးမှာ
Total နဲ့ Chevron ကုမ္ပဏီတို့ အဆိုပြုချက်အရ ဧပြီ ၁ရက်နေ့ကစပြီး MGTC အစုရှယ်ယာဝင်တွေ ဖြစ်ကြတဲ့ Total ၊ Chevron ၊ PTTEP နဲ့ MOGE တို့ကို အမြတ်ရှယ်ယာငွေ ပေးချေမှုအားလုံးရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။
MOGE ကုမ္ပဏီဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရပေါက်လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး ဥရောပသမဂ္ဂနဲ့ အမေရိကန်အာဏာပိုင်တွေချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုစည်းမျဥ်းတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ Total ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။