
“အသွင်ကူးပြောင်းရေးကာလတခုကိုပဲ ဦးတည်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်းသွားမယ့် ဖွဲ့စည်း ပုံအခြေခံဥပဒေမဟုတ်ဘူး”
၅၊ ဇူလိုင်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဦးဆောင်ရေးဆွဲနေတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေမူကြမ်းရေးဆွဲနိုင်ခဲ့ပြီး မကြာခင်ပြည်သူတွေကို တင်ပြသွားမယ်လို့ NUCC က မနေ့က မနက်ပိုင်းမှာ သတင်းစာရှင်း လင်းပွဲပြုလုပ် အသိပေးပါတယ်။
“အနည်းဆုံးတော့ ဒီဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာအခြေခံဥပဒေ ဒီ AFTA က တံတားလေးတစင်းပေါ့။ ဟိုးတချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ရည်ရွယ်ထားတယ်၊ အဲဒီလိုရည်ရွယ်ထားတဲ့အခါမှာ … ဖက်ဒရေဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါ မယ် ။ အဲဒီလို လျှောက်ရင်း၊ သွားရင်း တည်ဆောက်ရင်းနဲ့ ပိုပြီးတော့ ခိုင်မာတဲ့ နားလည်မှုတွေရအောင် ဆက်လက်ပြီးတော့ ကြိုးစားရအုံးမှာဖြစ်ပါတယ်”လို့ ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။
အဲဒီ အခြေခံဥပေဒမူကြမ်းကို NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် အခြားတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းကာ နှစ်နှစ်ကျော်ကြာ ရေးဆွဲခဲ့တာပါ။
အဲဒီဥပဒေကို အများပါဝင်နိုင်မှု ဦးတည်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း၊ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ခြင်း၊ အနဂတ်အတွက် ပြင်ဆင်ခြင်း၊ပြည်နယ်တွေကို အလေးထားခြင်း စတာတွေအပါအဝင် မူဝါဒ ၁၂ ချက်နဲ့ ရေးဆွဲခဲ့ပြီး ကြားကာလမှာပဲ အသုံးပြုဖို့ ရည်ရွယ်တယ်လို့ ပြောကြပါတယ်။
“အသွင်ကူးပြောင်းရေးကာလတခုကိုပဲ ဦးတည်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်းသွားမယ့် ဖွဲ့စည်း ပုံအခြေခံဥပဒေမဟုတ်ဘူး” လို့ ဥပေဒရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ NUG ဖက်ဒရယ်ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောပါတယ်။
အဲဒီအခြေခံဥပေဒကို ပြီးခဲ့တဲ့ ၂၀၂၂ ခု၊ ဇူလိုင်ကတည်းက ရေးဆွဲဖို့ပြင်ဆင်ခဲ့တာဖြစ်ပေမယ့် ရေးဆွဲရေးလုပ်ငန်း ကော်မတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် ရေးဆွဲရေးလုပ်ငန်းစဉ်ရပ်တန့်နေခဲ့ပြီး ၂၀၂၄ ခု NUCC ရဲ့ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကျမှ အခက်အခဲတွေကို ကျော်လွှားဖို့ သဘောတူညီချက်လေးချက်ရခဲ့တယ်လို့ ဆိုပါတယ်။
အခုရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အခန်းကဏ္ဍနဲ့ ပြည်ထောင်စုလုပ်ပိုင်ခွင့်အခန်း ကဏ္ဍကို သေသေချာချာ ထည့်ပြီးတော့ ရေးဆွဲထားပြီး ရေးဆွဲတုန်းက မပါဝင်ခဲ့၊ မပါဝင်သေးတဲ့အစုအဖွဲ့တွေကို ဆက်လက်ဖိတ်ခေါ်ပြီး သူတို့ရဲ့သဘောထားတွေ ရယူကာ ဆက်လက်ဖြည့်စွက်သွားဖို့လည်း ရှိတယ်လို့ NUCC ကောင်စီဝင် ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
“အခြေခံစဉ်းစားချက်က Bottom up Federalism ကို အခြေခံမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်နယ်တွေမှာရှိ တဲ့ သယံဇာတတွေက အဲဒီမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေ အပိုင်ဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ စီမံခန့်ခွဲအုပ်ချုပ် တဲ့ ကိုယ့်ပြည်နယ်အတွက်ကိုယ်စားပြုတဲ့ ပြည်နယ်အစိုးရရဲ့ အပိုင်ဖြစ်ပါတယ်။ ပြီးတော့မှ တဆင့် ပြည်ထောင်စု အစိုးရနဲ့ ဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ကိစ္စတွေကို အပေးအယူရှိရှိနဲ့ ဆက်လက်ပြီးတော့ စီမံဆောင်ရွက်ကြမှာဖြစ် ပါတယ်” လို့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ – Articles of Federal Transitional Arrangement (AFTA) ကို အခုချိန်မှာ ရေးဆွဲပြီးချိန်မှာ နောက်တဆင့်အနေနဲ့ Stakeholder အဆင့် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကို လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။