
“ကျောင်းသားဟောင်းတွေမှ မဟုတ်ဘူး။ မြို့ခံတွေကပါ ဒီအတိုင်း ဆက်ရှိစေချင်ကြတာ။ ပဲခူးမြို့ရဲ့ သမိုင်းအစဥ်အလာ ကြီးခဲ့တဲ့ ကျောင်းဖြစ်နေလို့လေ”
၄၊ဇူလိုင်
ပဲခူးမြို့ပေါ်က ဟံသာဝတီကျုံးဟောင်းကို စစ်အစိုးရ ညွှန်ကြားချက်နဲ့ ပြန်တူးဖေါ်နေရာမှာ သမိုင်းအစဉ်လာ မှတ်တမ်းတွေရှိတဲ့ အထက ၃ ကျောင်းကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတဲ့အတွက် မြို့ခံတွေနဲ့ ကျောင်းသားဟောင်းတွေက မကျေနပ်မှုတွေ ရှိနေပါတယ်။
” ကျုံးက ရှေးဟောင်းယဥ်ကျေးဖြစ်သလိုပဲ အထက၃ ကျောင်းက သမိုင်းအစဥ်အလာ ကြီးခဲ့တဲ့ အမွေအနှစ် တခုလေ။ ဖြစ်နိုင်ရင်ဒီအ တိုင်းဆက်ရှိချင်တာ ” လို့ ကျောင်းသားဟောင်းတဦးက ပြောပါတယ်။
စစ်အစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်က ဟံသာဝတီ ကျုံးဟောင်းနဲ့ မြို့ရိုးတွေကို ပြန်လည်တူးဖေါ်ဖို့ ၂၀၂၅ ခုနှစ် နှစ်လည်ပိုင်းမှာ ညွှန်ကြားခဲ့ပြီးနောက် သက်ဆိုင်ရာ မလွတ်ကင်းတဲ့ အဆောက်အဦးတွေကို ဖယ်ရှားတာ ဆက်တိုက်လုပ်နေပြီး ရှေးဟောင်းကျုံးရဲ့ အပေါ်တည့်တည့်မှာ ရှိနေတဲ့ အထက ၃ အမျိုးသား တန်းမြင့် အထက်တန်းကျောင်းကိုပါ ပြောင်းရွှေ့ခံရဖို့ ရှိနေတာပါ။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ အထက ၃ ကျောင်းကို ပဲခူးမြို့အပြင် အဝေးပြေးဝင်း အသစ်နားကို ရွှေ့ပြောင်းဖို့ ရှိနေတာဖြစ်ပြီး လက်ရှိမှာ ကျောင်းအဆောက်အဦးသစ်တွေကို ဆောက်နေပြီဖြစ်ပြီး လာမယ့် ပညာသစ်နှစ်မှာ စတင်ပြောင်းရနိုင်တယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
“ကျောင်းသားဟောင်းတွေမှ မဟုတ်ဘူး။ မြို့ခံတွေကပါ ဒီအတိုင်း ဆက်ရှိစေချင်ကြတာ။ ပဲခူးမြို့ရဲ့ သမိုင်းအစဥ်အလာ ကြီးခဲ့တဲ့ ကျောင်းဖြစ်နေလို့လေ” လို့ လိပ်ပြာကန်အနီးနေထိုင်သူတဦးက ပြောပါတယ်။
အထက၃ ကျောင်းဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးမှာ ရှိတာဖြစ်ပြီး ၁၉၁၂ ကတည်းက စတင်ဖွင့်လှစ်ခဲ့လို့ သက်တမ်း ၁၁၄ နှစ် ရှိပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီကျောင်းကို စတင်ထူထောင်ချိန်မှာ YMBA အလယ်တန်းကျောင်းလို့ သုံးနှုန်းခဲ့ပြီး အမျိုးသား တန်းမြင့်ကျောင်း၊ ပဲခူးမြို့ အစိုးရ အထက်တန်းကျောင်း၊ အမှတ်၃အခြေခံပညာ အထက် တန်းကျောင်းလို့ နာမည်ဆင့်ကဲ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ပဲခူးမြို့မှာ အထက ၃ ကျောင်းကို အမျိုးသားရေးကျောင်းလို့ လူသိများပြီး ထူးခြားချက်မှာ ၁၉၂၃ ကနေ ၂၀၁၉ အထိ ကျောင်းအုပ်တာဝန်ယူခဲ့သူ ၈ဦးရှိကာ အားလုံးမှာ အဲဒီကျောင်းရဲ့ ကျောင်းသားဟောင်းတွေလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်အစိုးရ သမ္မတရဲ့ အမိန့်အတိုင်း ဟံသာဝတီ ကျုံးဟောင်းပြန်ဖော်တဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေသလို ကျုံး၊မြို့ရိုးဟောင်းနဲ့ မလွတ်လို့ဆိုပြီး ၂၀၂၅ စက်တင်ဘာလက ပဲခူးမြို့ပေါ်ရပ်ကွက် ၅ ခုက နေအိမ်အဆောက်အဦးတွေ ရာနဲ့ချီ ဖျက်သိမ်းဖယ်ရှားခံခဲ့ရပြီလို့ မြို့ခံတွေက ပြောပါတယ်။
Photo – လူမူကွန်ရက်