ကပစ ၁၆ အရာရှိရိပ်သာကို လက်နက်ကြီးထိမှန်

ဒဏ်ရာရတာလည်း သုံး၊ လေးယောက်လောက် ရှိတယ်ပြောတယ်။ နာမည်တွေ အတည်ပြုလို့ မရပေမယ့် ဗိုလ်သေတာကိုတော့ အတည်ပြုလို့ရပြီ”

၄၊ ဇူလိုင်။

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်စက်ရုံ(ကပစ ၁၆)စက်ရုံထဲကို အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့က အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အရာရှိရိပ်သာကို ထိမှန်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အရာရှိတွေနေတဲ့ အဆောက်အဦးကို ထိတယ်။ အဲဒီမှာရှိနေတဲ့ ဗိုလ်တကောင်ရယ် နောက်တပ်သားရယ် သေတယ်။ ဒဏ်ရာရတာလည်း သုံး၊ လေးယောက်လောက် ရှိတယ်ပြောတယ်။ နာမည်တွေ အတည်ပြုလို့ မရပေမယ့် ဗိုလ်သေတာကိုတော့ အတည်ပြုလို့ရပြီ” လို့ မြေပြင်ရှိနေတဲ့ AA နဲ့နီးစပ်သူ ကိုမင်း(အမည်လွှဲ)က သတင်းရင်းမြစ် တဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ပစ်ခတ်မှုအတွင်း စစ်တပ်အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်၊ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ AA ပူးပေါင်းတပ်ဖွဲ့ဟာ ကပစ ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ ပွိုင့်(၅၀၀) ဗျူဟာကုန်းရဲ့ ကာကင်းအချို့ ကို သိမ်းပိုက်ထားပြီး နောက်ထပ်ကာကင်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကာ ကပစ ၁၆ ထဲကိုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာပါ။

“ကပစအထဲကို မရောက်သေးပေမယ့် လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ လုပ်နေတာရှိတယ် ကိုယ့်ဘက်က” လို့ ကိုမင်းက ပြောပါတယ်။

ဒေသခံတွေကလည်း အဲဒီလို ကစပထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု မကြာခဏ ရှိနေပြီး စစ်တပ်အရာရှိ သေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိနေတဲ့အကြောင်း ကြားသိရတယ်လို့ ပြောပါတယ်။ ပန်းတောင်းဒေသခံတဦးက “ခဏခဏ ပစ်နေတာ ကပစထဲကို”လို့ ဆိုပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့ဟာ ကပစ ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ ပွိုင့် (၅၀၀) ဗျူဟာကုန်းကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ မတ် လဆန်းကတည်းက စတင်တိုက်ခိုက်ခဲ့နေတာဖြစ်ပြီး မတ်လနဲ့ ဇွန်လတို့အတွင်း ကာကင်းစခန်း သုံးခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။

အဲဒီလို AA ပူးပေါင်းတပ်ဖွဲ့ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်နေချိန်  စစ်တပ်ဘက်ကလည်း လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ Y12 တွေ အများအပြာ းအသုံးပြု တိုက်ခိုက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကပစ ၁၆ အနီးရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ကပစ ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ ကာကင်းစခန်းတွေနဲ့ ကပစ ၁၆ တို့ကို အရှိန်အဟုန်မြှင့်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါ တယ်။

အခု ထိုးစစ်ဆင်နေတဲ့ ကပစ ၁၆ ဟာ TNT ယမ်းမှုန့် အပါအဝင် လက်နက်ကြီးတွေအတွက် ယမ်းတွေ အဓိက ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အခြားစစ်လက်နက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ အရေးကြီး ကုန်ကြမ်းတွေကိုပါ ထုတ်လုပ်တဲ့ စက်ရုံတခု ဖြစ်ပါတယ်။

ပန်းတောင်း ကပစ ၁၆ ဟာ ဧရာ၀တီမြစ် အနောက်ဘက်ခြမ်း၊ ပန်းတောင်းမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိကာ ဧရာ၀တီတိုင်း မြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်နဲ့လည်း မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးပါတယ်။

 

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာ၀တီမြစ် အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီး တ လျှောက်မှာရှိတဲ့ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)တွေအနီးကို တဖြည်းဖြည်းနဲ့  ချဉ်းကပ်လာနေပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေတာပါ။

ရခိုင်ရိုးမ အရှေ့နောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကျော်လမ်းတိုင်း ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်း အထိ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် စစ်တပ်စခန်းတွေကို တိုက်ခိုက်နေသလို  ကပစစက်ရုံတွေကိုလည်း ချဉ်းကပ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကပစစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ် ရှားမှုတွေ ရှိနေတာ ဖြစ်ပါ တယ်။

လက်ရှိမှာ AA ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင်ရှိ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။

စစ်တပ်ရဲ့ ကပစစက်ရုံတွေကို AA က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကပစစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တွေ အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်ပြီး တိုက်ပွဲတွေဟာ ဧရာ၀တီတိုင်း ရွှေသောင်ယံကမ်းခြေ၊ သာပေါင်းမြို့နယ်တို့ကနေ ပုသိမ် – မုံရွာ လမ်းတလျှောက် ကပစစက်ရုံတွေထိ ကျယ်ပြန့်၊ ဆက်စပ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောကြပါ တယ်။