စစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အရေးယူဖို့ အီးယူပြင်ဆင်နေ

အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ ဥရောပသမဂ္ဂအဖွဲ့က လာမယ့်သီတင်းပတ်မှာ အတည်ပြုသွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မတ်လ ၁၆ရက်နေ့မှာ ပြောပါတယ်။

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ဥရောပသမဂ္ဂဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ရည်ညွှန်းပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က အခုလိုပြောလိုက်တာပါ။

သံတမန်တွေရဲ့ ပြောဆိုချက်အရနဲ့ Reuters သတင်းဌာနကကရရှိတဲ့ စာရွက်စာတမ်းတွေအရ မြန်မာစစ်တပ်ဆီကို ဘဏ္ဍာငွေစီးဆင်းတဲ့ (ဒါမှမဟုတ်) ဘဏ္ဍာရေး ထောက်ပံ့ပေးနေတဲ့ စီးပွားရေးကုမ္ပဏီတွေကို အဓိကပစ်မှတ်ထား အရေးယူမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ဥရောပသမဂ္ဂအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့လက်နက်ကုန်သွယ်မှုကို တားမြစ်ထားပြီး အကြီးတန်းစစ်တပ်အရာရှိတစ်ချို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ အခုနောက်ထပ်အရေးယူမှုကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက သိသာထင်ရှားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ဖြစ်လာမှာပါ။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ကြောင့် လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီး လူထောင်ချီ ဖမ်းဆီးခံထားရပါတယ်။

Ref : Reuters