စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းတွေကို ကုလစုံစမ်းရေးအဖွဲ့ စုဆောင်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုသက်သေမှတ်တမ်းတွေကို စုဆောင်းထိန်းသိမ်းထားကြဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့က ဒီနေ့မှာတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီလိုလားနဲ့ ဆန္ဒပြပွဲတွေကို လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းမှုအတွင်း ဆန္ဒပြသူအယောက် ၁၈၀ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောပါတယ်။

တကယ့်ကိုအရေးကြီးတဲ့ နိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုတွေရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဟာ အဆင့်မြင့်အရာရှိခေါင်းဆောင်ပိုင်းတွေ ဖြစ်တယ်လို့ အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အကြီးအကဲ Nicholas Koumjianက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“သူတို့က ကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်တဲ့သူတွေ မဟုတ်သလို အခင်းဖြစ်ပွားတဲ့နေရာတွေမှာလည်း ရှိမနေပါဘူး။ သူတို့တာဝန်ခံရမယ့် ကျူးလွန်မှုတွေကို အတည်ပြုဖို့အတွက် သက်သေအထောက်အထားတွေ လိုအပ်ပါတယ်။ အမိန့်ညွန်ကြားမှုတွေနဲ့ မူဝါဒတွေဘယ်လို ချမှတ်တယ်ဆိုတာတွေပေါ့။”

စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှု သက်သေအထောက်အထား ၊ သတင်းအချက်အလက်တွေကို ထိန်းသိမ်းထားသူတွေအနေနဲ့ Signal အက်ပလီကေးရှင်း (ဒါမှမဟုတ်) ProtonMail အကောင့် စတဲ့လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေတဆင့် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ ဆက်သွယ်သင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဆန္ဒပြသူတွေကို ကျည်အစစ်သုံးပြီး ပစ်ခတ်နှိမ်နင်းမှုနဲ့ ပတ်သတ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မတ်လ ၁၆ရက်နေ့မှာ ပြစ်တင်ရှုတ်ချခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

သေစေနိုင်လောက်တဲ့ အင်အားသုံးဖြိုခွင်းမှုတွေ ၊ တရားမဝင် ဖမ်းဆီးနှိပ်စက်မှုတွေ ၊ ဖမ်းဆီးထားသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ သက်ဆိုင်ရာမိသားစုဝင်တွေက မသိရတာတွေ စတဲ့အထောက်အထားတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က စုဆောင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေးပါတဲ့ ရာဇဝတ်မှုရာအထောက်အထားမှတ်တမ်းတွေကို စုစည်းဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ကို ၂၀၁၈ ခုနှစ်မှာ ကုလလူ့အခွင့်အရေးကောင်စီက စတင်တည်ထောင်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ နိုင်ငံတကာတရားရုံးတွေမှာ မှတ်တမ်းအမှုတွဲဖိုင်တွေ စုဆောင်းထားရှိဖို့ ဖြစ်ပါတယ်။

Ref : Reuters
Photo : MPA