ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ယာဉ်တိုက်မှုကြောင့် လူတစ်ဦး ပွဲချင်းပြီးသေဆုံး

၂၇၊ ဇန်နဝါရီလ၊ ၂၀၂၁။

ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ရှမ်းကွင်းကြီးကျေးရွာ ရွာအဝင်လမ်းမကြီးပေါ်မှာ ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့ည ၉နာရီခွဲလောက်မှာ လမ်းရဲ့ဝဲဘက်ကနေ တစ်ဖက်ရွာအဝင်ဘက်ကို လမ်းဖြတ်ကူးတဲ့အချိန်မှာ ဖျာပုံမြို့ဘက်က ကျိုက်လတ်မြို့ကို မောင်းနှင်လာတဲ့ ပရိုဘောက်ကားက တိုက်မိပြီး ဝဲဘက်ချိုစောင်း သွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတွေရ​ပြီး နေရာမှာပွဲချင်းပြီးသေဆုံးခဲ့တဲ့အတွက် ယာဥ်မောင်းကိုအရေးယူထားတယ်လို့ အမှတ်(၅၀)ယာဥ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ)၊ တပ်ဖွဲ့စုမှူးရုံးမှ သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သတ်ပြီး ယာဥ်မောင်းဇေယျာလင်းကို ဖျာပုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၆/၂၀၂၁ ၊ ယာဥ်မဆင်မခြင်မောင်းနှင်ပြီး လူကိုသေစေလောက်သည်အထိ ပေါ့လျော့စွာမောင်းနှင်မှု ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်