ဖျာပုံဆေးရုံက လူနာနဲ့သူနာပြုတွေမှာ ကိုဗစ်ရောဂါတွေ့

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီနေ့မနက်တိုင်းကျန်းမာရေးစာရင်းအရ ဖျာပုံမြို့မှာ ကိုဗစ်လူနာ(၆)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးက ပြောပါတယ်။

ဖျာပုံဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အောက်ကွင်းကျေးရွာမှ အသက်(၅၄)နှစ်အမျိုးသမီး(၁)ဦးကို RDTနဲ့စစ်ဆေးရာက ရောဂါတွေ့ခဲ့ပြီး သူရဲ့သမီးဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူမှာပါ ရောဂါတွေ့ခဲ့တာပါ။

ဖျားနာဆောင်မှာ တာဝန်ကျပြီး လူနာနဲ့ထိစပ်ခဲ့တဲ့ သူနာပြု(၂)ဦးနဲ့ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာက ဆီးချိုရောဂါကြောင့် အောက်ဆီဂျင်ယူနေရတဲ့ လူနာတစ်ဦးဟာ ဆေးရုံကို ရောက်ရှိလာပြီး စစ်ဆေးရာမှ ရောဂါတွေ့ရှိတာဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးဒေါက်တာ ဒေါ်ဇင်မာစိုးက ပြောပါတယ်။

မနေ့ညက ကိုဗစ်ရောဂါရှိတဲ့လူနာရဲ့အဆောင်မှာရှိတဲ့ လူနာနဲ့ လူနာစောင့်တွေကို ဒီကနေ့ ထပ်မံစစ်ဆေးတဲ့အခါ နောက်ထပ် ကိုဗစ်လူနာသစ်လေးဦး(၄)ဦး တွေ့ရှိခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက အတည်ပြုပါတယ်။

ဖျာပုံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ(၂၄၇)ဦးရှိခဲ့ပြီး (၂၁၉)ဦးရောဂါပျောက်လို့ဆေးရုံဆင်းခဲ့ပြီးလူနာ (၁)ဦး သေဆုံးခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေအရသိရပါတယ်။