ပုသိမ်ကိုဗစ်လူနာသစ်ဆယ်ဦးမှာ ဈေးသည်နဲ့ဆားစက်ဝန်ထမ်းတွေပါဝင်

၁၀၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာသစ်(၁၀)ဦးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ရွှေဘုံသာကမ်းနားလမ်းက ဆားစက်ဝန်ထမ်းကိုဗစ်လူနာ(၆၉၁)ရဲ့ အသက်(၃၃)နှစ်အရွယ်ဇနီးနဲ့(၈)နှစ်အရွယ်သမီးတို့ဟာ နန္ဒဆောင်မှာကွာရန်တင်းဝင်နေရာကဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။

ဟိုတယ်ကွာရန်တင်း၀င်နေတဲ့ ရန်ကုန်ကနေပုသိမ်ကိုပြန်လာသူ အသက်(၅၅)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ပဒင်းတန်းမှာနေထိုင်တဲ့ လူနာ(၇၁၈)ရဲ့အစ်မဖြစ်သူတို့ကို ဒီနေ့စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။

ပုသိမ်ဆေးရုံဝန်းထဲမှာနေထိုင်တဲ့ ကလေးဆောင်ကအလုပ်သမားဖြစ်သူ အသက်(၃၀)အရွယ်အမျိုးသမီးတစ်ဦးဟာ ဖျားနေတာ၂ရက်ရှိနေတာကြောင့် ခေါ်ယူစစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ပါတယ်။

ကျန်းမာရေးအဖွဲ့က ဒီနေ့ရန်ကင်းတောင်ဈေးကဈေးသည်တွေကိုခေါ်ယူစစ်ဆေးခဲ့ရာမှာ ဈေးအနီးမှာနေထိုင်ကြတဲ့ အသက်(၂၉)နှစ်အရွယ်ငါးရောင်းတဲ့အမျိုးသမီး၊(၅၂)နှစ်အရွယ်ကြက်သားရောင်းသူအမျိုးသမီးနဲ့ ဝက်သားရောင်းတဲ့(၄၇)နှစ်အရွယ်အမျိုးသမီးတို့မှာ ရောဂါတွေ့ခဲ့ပါတယ်။

ကမ်းနားလမ်းက ထွန်းသီရိအောင်ဆားစက်မှာနေထိုင်ကြတဲ့ ဆားစက်ဝန်ထမ်းအသက်(၄၁)နှစ်နဲ့(၄၉)နှစ်အရွယ်အမျိုးသားနှစ်ဦးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူတို့ဟာ ရောဂါရှိသူနဲ့ထိတွေ့တာကြောင့်ကွာရန်တင်းဝင်ရောက်နေသူတွေဖြစ်ပြီး ဒုတိယအကြိမ်စစ်ဆေးရာက ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၈၀၇)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၇၁၀)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။