ချောင်းသာကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့ ဝင်လာသူ ၇ဦးဖမ်းမိ

၄၊ ဇန်နဝါရီ၊ ၂၀၂၁။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဒီနေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ဦးကို ဖမ်းမိခဲ့တယ်လို့တိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

“မသင်္ကာဖွယ် စက်လှေတစ်စီးကိုတွေ့လို့ ဒေသခံတွေက သတင်းပေးတာပါ အဲဒါကို ပူးပေါင်းအဖွဲ့က ဖမ်းမိတာပါ အားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့စစ်ဆေးနေဆဲပါ”လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ရခိုင်ပြည်နယ်စစ်တွေဒေသ ​ရေချမ်းပြင်ကျေးရွာအုပ်စုက စက်လှေသမား ရခိုင်လူမျိူး ၅ဦးနဲ့ ရေချမ်းပြင် ကျေးရွာအုပ်စု ကော်တမိုက်ကျေးရွာ က ဘင်္ဂါလီ ကျား ၄ဦး မ ၂ဦး ကလေး ၁ဦးတို့ ဖြစ်ပါတယ်။

“ဒီနေ့မနက်၁နာရီမှာ တပ်နဲ့ရဲတွေနဲ့ ကျွန်တော်တို့တွေပူးပေါင်းပြီး ပင်လယ်ပြင်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လိုက်ပို့တဲ့သူ ၅ဦး အပါဆို၁၂ဦးပေါ့”လို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှုး ဦးကျော်သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်ကဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ဦး အမျိုးသမီး ၂ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ဦး စုစုပေါင်း ၁၂ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁မိုင်အကွာ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့မိတာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ လူတွေကို ချောင်းသာနယ်မြေရဲစခန်းမှာထားပြီး အထက်ကို ဆက်လက်တင်ပြထားကာ အစားစာတွေနဲ့ အဝတ်အစားတွေကို ထောက်ပံ့ပေးထားပြီး လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ဦးကို တည်ဆဲဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေနဲ့ လိုက်ပို့သူ ၁၂ ဦးကို ကိုဗစ် ရောဂါရှိ မရှိ စစ်ဆေးသွားမှာဖြစ်ပြီး ဥပဒေအရဆောင်ရွက်သွားမယ်လို့ သိရပါတယ်။