ရန်ကုန်ကနေ တရားမဝင်ပြန်လာသူတစ်ဦးမှာ ကိုဗစ်ရောဂါတွေ့

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၀။

ဒီနေ့မနက်စာရင်းအရ ဖျာပုံမြို့မှာ COVID 19 အတည်ပြုလူနာ နှစ်ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဇင်မာစိုးကပြောပါတယ်။

ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စုနေ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ကျုံကဒွန်းကျေးရွာ အုပ်စုနေအသက်(၃၈)နှစ်ရှိ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။

အမျိုးသမီးလူနာဟာ နိုဝင်ဘာလ (၈)ရက်နေ့က အခြားရောဂါနဲ့ ဖျာပုံဆေးရုံကြီးကို ရောက်ရှိလာပြီး နိုဝင်ဘာလ (၉)ရက်နေ့မှာ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ လွှဲပို့ချိန် စစ်ဆေးခဲ့ရာ Covid 19 ရောဂါတွေ့ရှိခဲ့တာပါ။

အမျိုးသားလူနာကတော့ ရန်ကုန်တိုင်းဒေသကြီးကနေ နိုဝင်ဘာလ ၈ရက်နေ့က တရားမဝင် ပြန်လည်ရောက်ရှိလာပြီးနောက် ဖျားနာလို့ ကျေးရွာကျန်းမာရေးဌာနက RDT ဖြင့်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အဲဒီလူနာကို ကူးစက်ရောဂါကာကွယ်တားဆီးရေးဥပဒေပုဒ်မနဲ့ ဆက်လက်အရေးယူဖို့ ရှိတယ်လို့ ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးက Delta News Agency ကိုပြောပါတယ်။

ဖျာပုံမြို့နယ်အတွင်း အတည်ပြုလူနာ (၁၀၅)ဦးရှိခဲ့ပြီး အဲဒီထဲက အယောက်(၉၀)ဟာ ကျန်းမာရေး ပြန်ကောင်းလို့ ဆေးရုံဆင်းသွာကာ ကျန်းမာရေးပြန်လည်ကျန်လူနာ(၁၅)ဦးသာ ဆက်လက်ကုသမှုခံယူနေပါတယ်။