“မြောင်းမြမှာ ကား၊ ဆိုင်ကယ် လိုင်စင်မဲ့ အဖမ်းအဆီးတွေများလို့ မြို့ပေါ်လူသွားလူလာရှင်းလင်းနေတယ်၊ လမ်းမကြီးတွေသာမက လမ်းသွယ်တွေမှာပါ ရှောင်တခင်စစ်ဆေးဖမ်းဆီးတာရှိတယ်၊ အများစုကတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေအဓိကထား ဖမ်းဆီးတာပါ” လို့ မြောင်းမြမြို့ခံတဦးက DNA ကို ပြောပါတယ်။
၁၁၊ ဇွန်
ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီက အခုလကစပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို စီမံချက်နဲ့ ဆက်တိုက်ဖမ်းဆီးတာတွေ ရှိနေတဲ့ အတွက် လိုင်စင်မဲ့ ယာဥ်တွေ အသုံးပြုနေတဲ့ ပရဟိတအဖွဲ့ တချို့အပါအဝင် ဆိုင်ကယ်ကယ်ရီသမားနဲ့ စျေးသည်တချို့လည်း အခက်ကြုံနေ ကြရပါတယ်။
ဧရာဝတီတိုင်းထဲက မြို့ကြီးတွေမှာ ယာဥ်ထိန်းရဲ၊ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက နေ့တိုင်းနီးပါး ဖမ်းဆီးတာတွေရှိနေပါတယ်။ အဖမ်းခံရသူတွေဆီကနေ လိုင်စင်မဲ့ယာဥ်တွေ အပြီးသိမ်းတဲ့အပြင် ဒဏ်ရိုက်တာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။
“ရာသီဥတုကောင်းတဲ့ရက်တွေဆို ဖမ်းတယ်၊ ဖမ်းရင်ဆိုင်ကယ်အပြီးသိမ်းတယ်၊ လူက ထောင်တလလို့ပြောတယ်၊ တချို့နေရာတွေမှာတော့ ငွေနဲ့လိုက်ပြီး ပစ္စည်းတော့သိမ်း လူတော့အာမခံပုံစံမျိုးနဲ့ လုပ်ကြတယ်၊ ၁၅သိန်းလို့ကြားတယ်” လို့ ဓနုဖြူမြို့ခံ လူငယ်တဦးက DNA ကို ပြောပါတယ်။
မော်တော်ယာဥ် ဥပဒေ ပုဒ်မ ၄၅(က) မှာ လိုင်စင်မဲ့ မော်တော်ယာဥ် အသုံးပြုတဲ့သူတွေကို တလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်ငါးသောင်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ခုစလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ရေးထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက အစည်းအဝေးတခုမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်တွေ အသုံးပြုနေမှုကို ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလမှစပြီး လိုင်စင်မဲ့ယာဥ် အသုံးပြုမှုများတဲ့ နယ်စပ်မြို့တွေအပါအဝင် နိုင်ငံတဝန်း စီမံချက်နဲ့ ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာနေတာပါ။
အဲဒီလိုဖမ်းဆီးရာမှာ လမ်းပေါ် သွားလာနေတဲ့ မော်တော်ယာဥ်တွေအပြင် မော်တော်ယာဥ်အရောင်းဆိုင်တွေမှာပါ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဧရာဝတီတိုင်းထဲက မြို့တချို့မှာတော့ အခုလို ဖမ်းဆီးတာတွေများလို့ မြို့ပေါ် လမ်းသွားလမ်းလာတွေပါ ပုံမှန်ထက် သိသိသာသာနည်းပါးနေတယ်လို့ သိရပါတယ်။
“မြောင်းမြမှာ ကား၊ ဆိုင်ကယ် လိုင်စင်မဲ့ အဖမ်းအဆီးတွေများလို့ မြို့ပေါ်လူသွားလူလာရှင်းလင်းနေတယ်၊ လမ်းမကြီးတွေသာမက လမ်းသွယ်တွေမှာပါ ရှောင်တခင်စစ်ဆေးဖမ်းဆီးတာရှိတယ်၊ အများစုကတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေအဓိကထား ဖမ်းဆီးတာပါ” လို့ မြောင်းမြမြို့ခံတဦးက DNA ကို ပြောပါတယ်။
မြောင်းမြမြို့ပေါ်မှာတော့ ယာဥ်အသွားအလာများတဲ့ ဦးဘချိုလမ်း (ပြည်သူ့ဆေးရုံရှေ့)၊ ၇ လမ်း၊ မြို့အဝင်တံတား၊ မြောင်းမြ-လပွတ္တာ ကားလမ်း စနေအသင်းကျောင်းရှေ့၊ ၃ လမ်းစျေးရှေ့ စတဲ့နေရာတွေမှာ အဓိကထား ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
“အမျိုးသားစျေးလို့ခေါ်တဲ့ အခွန်လွတ်စျေးဆိုတာ ရွာတွေက ကုန်တွေလာရောင်းသူများတယ်၊ အခု အခွန်လွတ်စျေးနီးအထိ ဆိုင်ကယ်တွေလာဖမ်းတော့ ရွာကလူတွေလည်းမလာတော့ဘူး၊ စျေးရောင်းစျေးဝယ်ကအစ သိသိကျလာတယ်” လို့လည်း အထက်ပါ မြောင်းမြမြို့ခံက ပြောပါတယ်။
ဒါ့အပြင် အခုလိုဖမ်းဆီးမှုတွေကြောင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ကယ်ရီသမား တချို့လည်း အလုပ်ရပ်ထားရတာတွေ ရှိနေပါတယ်။
“ကျနော်တို့မြို့က ဖမ်းတဲ့နေရာနည်းတော့ ဘယ်နားဖမ်းတယ် ဘယ်နားဖမ်းတယ်ဆိုတာ information(သတင်း) ရလွယ်တယ်၊ အဲတော့မဖမ်းရင် (ကယ်ရီ)ဆွဲမယ် ဖမ်းရင်ရပ်ထားမယ်အဲလိုပေါ့” လို့လည်း အထက်ပါ ဓနုဖြူမြို့ခံက ပြောပါတယ်။
အလားတူပဲ အရင်ကတည်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးတာတွေ ပုံမှန်ရှိနေတဲ့ ပုသိမ်မြို့ပေါ်မှာလည်း အခုလကစပြီး အရင်ကထက် ပိုမိုစစ်ဆေးဖမ်းဆီးတာတွေ ရှိနေတယ်လို့ဆိုပါတယ်။
“ပုသိမ်ကတော့ without(လိုင်စင်မဲ့) သိပ်မရှိဘူး၊ ဒါကြောင့် ရှိတဲ့လူကတော့ ကျိန်းသေမိမှာပဲ” လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း အခုလို လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပေမယ့် လူမှုကူညီရေး ပရဟိတကားတွေ၊ ဘုန်းကြီးကားတွေကိုတော့ ဖမ်းဆီးတာမျိုး မကြုံရသေးဘူးလို့ ဆိုကြပါတယ်။
“လူမှုရေးအသင်းတွေက တရားဝင်မှတ်ပုံတင် လုပ်ထားကြတာများတယ်၊ အဲဲဒီအသင်းတွေက ကူညီမှုလုပ်နေတဲ့ ကားတွေမှာ ယာဥ်အစီး အရေအတွက်နဲ့အတူ သက်ဆိုင်ရာ တင်ပြထားတာရှိတယ်၊ အသင်းတွေက လူနာပို့ရင်လည်း အသင်းမှတ်ပုံတင် စာရွက်မိတ္တူနဲ့ အတူ အသင်းထောက်ခံစာ အပြည့်အစုံ ယူသွားကြတာ” လို့လည်း မြောင်းမြမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
တဖက်မှာလည်း အသင်း တရားဝင်မှတ်ပုံတင်ထားပေမယ့် လိုင်စင်မဲ့ယာဥ်အသုံးပြုနေတဲ့ လူမှုကူညီရေး အဖွဲ့တချို့ ရပ်နားထားလိုက်တာတွေ ရှိသလို နယ်ကျော်ပြီး သွားလာလို့ မရတော့တာမျိုးလည်း ရှိနေပါတယ်။
“မိတ်ဖက်အသင်းတွေက ကားတွေတော့ နားနေကြတယ်၊ မြို့တွင်းနဲ့ ခရိုင်အတွင်းတော့ သွားလာလို့ ရသေးတယ် ရန်ကုန်တက်ဖို့တော့ တားထားပါတယ်” လို့ ဇလွန်မြို့ခံ ပရဟိတအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ ခွင့်ပြုချက်နဲ့ ရပ်တည်နေတဲ့ မီဒီယာတချို့ရဲ့ ဖော်ပြချက်တွေအရတော့ လက်ရှိစီမံချက်နဲ့ ဖမ်းဆီးမှုအတွင်း လိုင်စင်မဲ့ကား ၆၀ ကျော်နဲ့ ဆိုင်ကယ်အစီးရေ ၂၅၀ နီးပါး ဖမ်းဆီးရမိထားကြောင်း သိရပါတယ်။