မြစ်ဝကျွန်းပေါ်က လယ်သမားတချို့ အရှုံးများတဲ့ မိုးစပါးမစိုက်ဖို့ ဆုံးဖြတ်လာ

“မနှစ်ကဆိုရင် ပျိုးခင်းကို နှစ်ခါလောက် ထပ်ပျိုး ထောင်ရတယ်။ စရိတ်တွေ မတက်နိုင်ကြတော့ တရာသီ မစိုက်ဘဲ လွတ်ထားတဲ့လူတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

၁၀၊ဇွန်လ။

မအူပင် ၊ကျိုက်လတ်၊ ဘိုကလေးနဲ့ ညောင်တုန်းမြို့နယ်က လယ်သမားတချို့ဟာ ပြီးခဲ့တဲ့နှစ်က  အရှုံးပေါ်ခဲ့တဲ့အတွက် ဒီနှစ်မှာ မိုးစပါး မစိုက်တော့ပဲ လာမယ့် ဆောင်းရာသီ စိုက်ပျိုးဖို့ အတွက်သာ လယ်ကွင်းတွေကို မြေလပ်အဖြစ် ထားရှိဖို့ ပြင်ဆင်နေကြပါတယ်။

“ဧက ၂၀ ကျော် … ၄ ဧကပဲ စိုက်တာ။ မနှစ်ကလည်းရှုံးပြီးပြီ။ ဈေးကမကောင်း အရင်းကကြီး ၊ ရေမြုပ် လို့သေ ၊ ခရုကကိုက်နဲ့ အဆင်မပြေဘူး” လို့ ကျိုက်လတ်မြို့နယ် ကျီးဝိုင်းကျေးရွာအုပ်စုထဲမှာ နေထိုင်သူက ပြောပါတယ်။

ညောင်တုန်းမြို့နယ် ဝါးတောစွန်း ကျေးရွာအုပ်စုထဲမှာ လယ်တွေထဲမှာ မိုးရေက များနေတဲ့အပြင် စပါးတွေကြားမှာ ခရုတွေကလည်း အလွန်များနေတယ်လို့ ဆိုပါတယ်။

“ပျိုးခင်းကသေပြီ။ တစ်ခါပဲအရှုံးခံတော့မယ်။ ထပ်မကြဲတော့ဘူး” လို့ လယ်သမား တဦးကပြောပါတယ်။

မြစ်ဝကျွန်းပေါ်က  လယ်တွေထဲမှာ ရွှေခရုလို့ခေါ်တဲ့ စပါးပင်ကိုက်တဲ့ ခရုတွေ ရောက်ရှိလာတာ ဆယ်စုနှစ် တနှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ရွှေခရုတွေဟာ ပိုးသတ်ဆေးလည်း မကြောက်တဲ့အပြင် ဘဲတွေလည်း မစားနိုင်အောင် အရွယ်ကြီးနေတဲ့အတွက် ဖြေရှင်းဖို့ အခက်အခဲ ရှိနေကြပါတယ်။

ဘိုကလေးမြို့နယ်ထဲက လယ်သမားတဦးကတော့ “မနှစ်ကဆိုရင် ပျိုးခင်းကို နှစ်ခါလောက် ထပ်ပျိုး ထောင်ရတယ်။ စရိတ်တွေ မတက်နိုင်ကြတော့ တရာသီ မစိုက်ဘဲ လွတ်ထားတဲ့လူတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။ ဒီလယ်သမားတွေဟာ ဆောင်းရာသီမှာပဲ တသီးစား ပြန်စိုက်ကြတော့မှာလို့လည်း သိရပါတယ်။

မိုးစပါးက ဓါတ်မြေဩဇာ ကျွေးရတာ သက်သာတဲ့အပြင် ရေတင်ရေသွင်းရတာမျိုး မရှိတာကြောင့် အရင်ကာလက မြစ်ဝကျွန်းပေါ် ဒေသတခုလုံးဟာ မိုးစပါးကို လယ်သမားတိုင်းက စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ဒါ့အပြင် သက်ကြီးစပါးလည်း ဖြစ်တဲ့အတွက် သက်ငယ်စပါးထက် ဈေးကောင်းရတာကြောင့် လယ်သမားတွေ အတွက်ပိုအဆင်ပြေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ခရုကိုက်လို့ စိုက်ခင်းတွေ အပျက်အစီး များလာပြီးတဲ့နောက်မှာ လယ်သမားတွေဟာ မိုးစပါးစိုက်ပျိုးဖို့ စိတ်ဝင်စားမှု နည်းလာကြတယ်လို့ ဆိုပါတယ်။

“ရေနက်ကွင်းဆိုရင် မိုးစပါး မစိုက်တော့ဘူး။ ကုန်းကွင်းတွေမှာလည်း ပျိုးထောင်စိုက်တာမျိုး မဟုတ်ဘူး။ ကြဲခင်းသဘောမျိုးပဲ စိုက်ကြတာ”လို့ မအူပင်မြို့နယ်က လယ်သမားတဦးက ပြောပါတယ်။