ဇွန်လ ၆ ရက်နေ့ မဲနှိုက်ရာမှာ မဲပေါက်တဲ့သူရဲ့ မိသားစုက ငွေကြေးတတ်နိုင်သူတွေ ဖြစ်တဲ့အတွက် သူတို့သားကိုယ်စား လူစားထိုးဖို့ သိန်း၁၀၀ ပေးမယ်လို့ သတင်းထွက်နေပါတယ်။
၁၀၊ဇွန်လ။
ဧရာဝတီတိုင်း ၊ ဟင်္သတမြို့နယ် ၊ ချင့်ဘို့ကျေးရွာအုပ်စု ၊ အလယ်ရွာမှာ စစ်မှုထမ်းမဲပေါက်ပြီး မလိုက်ချင်ဘူးဆိုရင် လူစားထိုးဖို့ သိန်းတရာပေး ဈေးပေါက်နေပါတယ်။ဇွန်လ ၅ ရက်နေ့က လုပ်ခဲ့တဲ့ ကျေးရွာ အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးက ပြောခဲ့တာပါ။
“ကျန်တဲ့ အိမ်တွေကတော့ သတ်မှတ်ကြေး တသိန်းခွဲ ခွဲတန်းပေးရမှာ၊မဲပေါက်တဲ့သူ မလိုက်ချင်ရင်တော့ သိန်းတရာ ပေးရမယ်”လို့ ချင်ဘိုကျေးရွာအုပ်စုမှာ နေထိုင်သူက ပြောပါတယ်။
အလယ်ရွာမှာ အိမ်ခြေ ၁၂၀ ဝန်းကျင် ရှိနေပေမယ့် စစ်မှုထမ်းအကျုံးဝင်တဲ့ အသက်ပြည့်မီသူ ရှိတဲအိမ်က ၅၂ ရှိတယ်လို့ ဆိုပါတယ်။
ဇွန်လ ၆ ရက်နေ့ မဲနှိုက်ရာမှာ မဲပေါက်တဲ့သူရဲ့ မိသားစုက ငွေကြေးတတ်နိုင်သူတွေ ဖြစ်တဲ့အတွက် သူတို့သားကိုယ်စား လူစားထိုးဖို့ သိန်း၁၀၀ ပေးမယ်လို့ သတင်းထွက်နေပါတယ်။
စစ်မှု့ထမ်းထောက်ပံ့ဖို့ ခွဲတန်းအဖြစ် တသိန်းခွဲပေးရတာဟာ ဟင်္သာတမြို့နယ်ထဲက တခြား ကျေးရွာအုပ်စုတွေရဲ့ ခွဲတန်းထက် ပိုများနေတဲ့အတွက်လည်း ရွာသားတွေက အကြပ်အတည်း ဖြစ်နေပါတယ်။အလယ်ရွာနဲ့ ကပ်လျက် လိပ်ချောင်းကျေးရွာအုပ်စုထဲက ရွာတွေမျာ ခွဲတန်းအဖြစ် တအိမ်ထောင်ကို ၄ သောင်းကျပ်သာ ပေးရတယ်လို့ ဆိုပါတယ်။
“အလယ်ရွာက အိမ်ခြေသာများတာ ရာအိမ်မှူးတစ်ယောက်ပဲရှိတယ်။ ချင့်ဘို့ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအမည်ကတော့ ဇော်ထွန်းပါ။ အလယ်ရွာ ရာအိမ်မှူးကတော့ ဇော်မင်းထိုက်ပါ” လို့ ဒေသခံကပြော ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာမှာ စစ်ကောင်စီ အနေနဲ့ အုပ်ချုပ်မှု အပြည့်အဝနီးပါး ထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီတိုင်းအတွင်းမှာ စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ စစ်သားစုဆောင်းတာ ၊ ပေါ်တာဆွဲတာ၊ အတင်းအဓမ္မငွေကြေးကောက်ခံတာတွေကြောင့် ဒေသတွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်လုပ်သားအင်အား ရှားပါးလာတာ၊စီးပွားရေးကြပ်တည်းလာတာ စတဲ့အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။