၁၀ ၊ ဇွန်
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာအလုပ်သမားညီ လာခံ (ILC)မှာ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၃၃ အရ အရေးယူဖို့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အခြေခံအလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၊ လွတ်လပ်စွာအသင်း အဖွဲ့ စုရုံးခွင့်ကို ပိတ်ပင်မှု ၊ အတင်းအဓမ္မအလုပ်စေခိုင်းမှု စတဲ့ ချိုးဖောက်မှုတွေကြောင့် အပိုဒ် ၃၃ အရ အရေးယူဖို့ ညီလာခံက အတည်ပြုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့)မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ အခြေခံအလုပ်သမားအခွင့်အရေး ကို ကာကွယ်ဖို့ သဘောတူလက်မှတ်ရေးထိုးထားကြပါတယ်။
ILO အခြေခံဥပဒေအပိုဒ် – ၃၃ (Article 33) ဟာ ဒီသဘောတူစာချုပ်တွေထဲက တစ်ခုကို မလိုက်နာတဲ့ နိုင်ငံတစ်ခုအပေါ် ILO အဖွဲ့အနေနဲ့ အရေးယူနိုင်တဲ့ စည်းမျဉ်းပါ။
နိုင်ငံတစ်ခုက ILO စည်းမျဉ်းတစ်ခုကိုလက်မှတ်ထိုးပြီးတာနဲ့အဲဒီစည်းမျဉ်းကို လိုက်နာဖို့ တာဝန်ရှိပါတယ်။မလိုက်နာရင် ILO က အမှုဖွင့်နိုင်တယ်။ အခုအမှုကို အပိုဒ် ၃၃ အရ အရေးယူတယ်။
ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကလည်း စာချုပ်မလိုက်နာတဲ့ နိုင်ငံကို ဖိအားပေးတာနဲ့ ပိတ်ဆို့မှုတွေ လုပ်နိုင်တယ်။
အဆိုပါဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံရဲ့ အလုံးစုံစီးပွားရေးပိတ်ဆို့တာမဟုတ်ဘဲ စစ်ကောင်စီနဲ့ ပတ်သတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းတာတွေကို ILOအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။
အခုမြန်မာနိုင်ငံအပေါ် ILO က အပိုဒ် ၃၃ အရ အရေးယူတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ကလေးစစ်သားစုဆောင်းမှုအပါအဝင် အတင်းအဓမ္မအလုပ်ခိုင်းစေမှု သက်သေတွေကြောင့် အရေးယူခံခဲ့ရဖူးပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ် သမားညီလာခံ (ILC)ဆိုတာ ဘာလဲ
ILC ဆိုတာ ILO အဖွဲ့ဝင်နိုင်ငံတွေက အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရတို့ကနေ စေလွှတ်တဲ့ ကိုယ်စား လှယ်တွေနဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အတွက် နှစ်စဉ်ပြုလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။
တနည်းအားဖြင့် ILO ညီလာခံဖြစ်ပါတယ်။ ILO ဟာ ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတခုဖြစ်တာကြောင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ကုလ ကချမှတ်ထားတဲ့ စည်းမျဉ်း ဥပဒေသတွေကို ချိုးဖောက်တဲ့ ကိစ္စတွေကိုလည်း တွဲဖက် လုပ်ဆောင်ပါတယ်။
ဒီညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ILO က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိ မရှိနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ကြမလဲ ဆိုတာတွေကိုလည်း ဆွေးနွေး ဆုံးဖြတ်ကြပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ILO က စုံစမ်းစစ်ဆေးရေးလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစီရင်ခံစာပါ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေ၊ အတင်းဖိအားပေး ခိုင်းစေမှုတွေ၊ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့် ဆုံးရှုံးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ အလုံးအရင်းလိုက် နယ်စပ်ဖြတ်ကျော် တိမ်းရှောင်ရမှုတွေ၊ ကလေးစစ်သား ခိုင်းစေမှုတွေ၊ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတွေ စတဲ့ လုပ်ဆောင်ခဲ့မှုတွေကို အထူးအလေးပေး ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီဟာ ဒါတွေကို ပြင်ဆင်တာ၊ ရပ်တန့်တာ၊ ပိုမိုကောင်းမွန်လာအောင် မလုပ်ခဲ့တာကြောင့် အပိုဒ် ၃၃ နဲ့အရေးယူဖို့ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။
#ILO #အပိုဒ်၃၃ #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH