ပုသိမ် အိမ်ခြံမြေ ငှားရမ်း၊ရောင်းဝယ် ဈေးနှုန်း တရိပ်ရိပ်တက်

“အိမ်ဈေး မြေဈေးတွေ က တရိပ်ရိပ် တက်လာတာ အဝယ်သမား ထက် အငှားသမား ကပိုများတယ်။ အထူးသဖြင့် တခြား ဒေသက စစ်ရှောင်တွေ  မန္တလေး၊ နေပြည်တော် က ငလျှင်ကြောက်တဲ့ သူတွေ ထင်ပါတယ်။ သူတို့တွေ ငှားတာများတယ်” လို့ ပုသိမ်မြို့ခံ အိမ်ခြံမြေ ငှားရမ်း ရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ တဦး က DNA ကို ပြောပါတယ်။

၉၊ဇွန်လ။

ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာ အိမ်ခြံမြေ ငှားရမ်း ၊ရောင်းဝယ် ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက် လာနေပါ တယ်.။

အိုးအိမ် ဉီးစီးဌာန ကရောင်းတဲ့ တန်ဘိုးနည်း ဥမ္မာဒန္နီ အိမ်ယာ တိုက် ခန်းတွေရဲ့ အနိမ့်ဆုံးရောင်းဈေး ကျပ်သိန်းတရာ ရှိခဲ့ရာကနေ ဇွန်လထဲ အရောက်မှာ ကျပ်သိန်း သုံးရာ ဝန်းကျင်အထိ အထိမြင့် တက်လာတယ် လို့  အိုးအိမ်ဦးစီး ဌာန နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက အိမ်ယာ တိုက်ခန်းတွေ ဖြစ်တဲ့ မြကျွန်းသာ ၊ မြစိမ်းရောင် နဲ့ တခြား အိမ်ယာ တိုက်ခန်းတွေလည်း အရောင်း နဲ့ ငှားရမ်းခ ဈေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်လာတယ်လို့ သိရပါတယ်။

“အိမ်ဈေး မြေဈေးတွေ က တရိပ်ရိပ် တက်လာတာ အဝယ်သမား ထက် အငှားသမား ကပိုများတယ်။ အထူးသဖြင့် တခြား ဒေသက စစ်ရှောင်တွေ  မန္တလေး၊ နေပြည်တော် က ငလျှင်ကြောက်တဲ့ သူတွေ ထင်ပါတယ်။ သူတို့တွေ ငှားတာများတယ်” လို့ ပုသိမ်မြို့ခံ အိမ်ခြံမြေ ငှားရမ်း ရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ တဦး က DNA ကို ပြောပါတယ်။

အရောင်းရော အငှားရော ဈေးနှုန်း နှစ်ဆကျော် မြင့်တက်တာဖြစ်ပြီး မနှစ်က ပုသိမ်မြို့ရှိ ဆင်ခြေဖုန်း ရပ်ကွက်တွေက အိမ်တလုံး ငှားရမ်းခ  ကျပ်ငါးသောင်း ရှိခဲ့ရာကနေ ခုတော့ ကျပ်တသိန်းခွဲ အထိမြင့်တက်လာပါတယ်။အလားတူ မြကျွန်းသာ နဲ့ မြစိမ်းရောင် အိမ်ယာက တိုက်ခန်းငှားရမ်းခ တွေလည်း နှစ်ဆကျော် မြင့်တက် လာတယ်လို့ အိမ် နဲ့ တိုက်ခန်း  ရောင်းဝယ် ငှားရမ်း သူတွေ ကဆိုပါတယ်။

အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှု၊ မြင့်တက်လာတဲ့ ငွေကြေးဖေါင်းပွမှု နဲ့ ပုသိမ်‌ဒေသ အတွင်းကို ပြောင်းရွေ့ နေထိုင်သူ တိုးပွားလာတာတွေကြောင့် ပုသိမ်မြို့ရဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်း ဈေးနှုန်းတွေ မြင့်တက်လာတာလို့ သုံးသပ်ကြပါတယ်။

ပုသိမ်မြို့မှာ ရခိုင်တိုင်းရင်းသား အစားအစာ ရောင်းချနေသူ တဦးက “ရခိုင်မှာ စစ်ဖြစ်လို့ ပြေးလာတာ ။ ဒီမှာက အိမ်တွေ တိုက်ခန်းတွေ ဈေးကခေါင်ခိုက်နေတာ မဝယ်နိုင်ဘူး။ အဲ့ဒီတော့ အိမ်ငှားနေကြရတယ်”လို့ ပြောပါတယ်။

မန္တလေး၊ နေပြည်တော် ၊မကွေး ၊စစ်ကိုင်းဘက်မှာ တာဝန်ကျတဲ့ ဌာနဆိုင်ရာ ရာထူးကြီး မိသားစု တချို့နဲ့ ငွေကြေးတတ်နိုင်သူ တွေက ပုသိမ်မြို့မှာ အိမ်ခြံမြေ ကြိုတင် ဝယ်ယူငှားရမ်းထားတာတွေ ရှိနေပြီး ရခိုင်ပြည်နယ်က စစ်ရှောင်တွေကတော့ ပုသိမ်မြို့အပြင် ငပုတောမြို့မှာပါ ပြောင်းရွေ့ နေထိုင်ကြတယ်လို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတဦးကပြောပါတယ်။