ငသိုင်းချောင်းမြို့ပေါ်ရပ်ကွက်တိုင်းမှာ ရှာဖွေနေပြီး မြို့အဝင် အထွက်နေရာတွေမှာလည်း စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
၉၊ဇွန်လ။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ အနီး အမြောက်တပ် ၃၄၄ မှာ တာဝန်ကျနေတဲ့ စစ်သား ၁၆ ယောက် မနေ့က မနက်ပိုင်းကတည်းက ထွက်ပြေးသွားတဲ့အတွက် ငသိုင်းချောင်းမြို့ပေါ်အထိ လိုက်လံရှာဖွေမှုတွေ လုပ်နေပါတယ်။
“တပ်သား ၁၅ ယောက်နဲ့ တပ်ကြပ်ကြီး တယောက်ကို နယ်မြေစိုးမိုးရေးဆိုပြီး မြောက်စမ်းရွာကနေ ရေနံသာ လမ်းဆုံကို ကင်းလှည့်တာဝန်နဲ့ လွှတ်လိုက်တာ ။ အဲဒါကို ရေနံသာလမ်းဆုံ စစ်ဆေးရေး ဂိတ်ကိုလည်း ရောက်မလာပဲ တဖွဲ့လုံး ပျောက်သွားလို့ မနေ့ညကတည်းက လိုက်ရှာနေကြတယ်”လို့ အမတ ၃၄၄ နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“မနက်က ဈေးထဲမှာလည်း ပြောနေကြတယ်၊ စစ်သားတွေ ပျောက်တယ်ဆိုပြီး မြို့ထဲမှာ လိုက်ရှာနေကြတာ၊ အခုနောက်ပိုင်းက စစ်သားတွေ အဲလို ထွက်ပြေးတာ ခဏခဏကြားနေရတယ်”လို့ ငသိုင်းချောင်းသူတဦးကလည်း DNA ကိုပြောပါတယ်။
အမတ ၃၄၄ ဟာ ငသိုင်းချောင်းမြို့ကနေ ၁၀ မိုင်ကျော် ဝေးတဲ့ ဂွေးတောက်ကျေးရွာအုပ်စု မြောက်စမ်းကျေးရွာ အနီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း -ဂွ ကားလမ်းပေါ်မှာ ရှိနေတာပါ။ ငသိုင်းချောင်းနဲ့ အမတ ၃၄၄ ကြားမှာ ငသိုင်းချောင်း -ဂွလမ်း နဲ့ ပုသိမ်-မုံရွာလမ်းခွဲသွားတဲ့ ရေနံသာလမ်းဆုံရှိနေပြီး အဲဒီနေရာမှာ စစ်ဆေးရေးဂိတ်အဖြစ် စစ်တပ်နဲ့ရဲ၊လဝက အစရှိတဲ့ အဖွဲ့စုံ စစ်ဆေးရေးဂိတ် ရှိနေတာ ဖြစ်ပါတယ်။
အခုလို စစ်သား ၁၆ ယောက် ထွက်ပြေးသွားတဲ့အတွက် အနီးဆုံး မြို့ဖြစ်တဲ့ ငသိုင်းချောင်းမြို့ပေါ်ရပ်ကွက်တိုင်းမှာ ရှာဖွေနေပြီး မြို့အဝင် အထွက်နေရာတွေမှာလည်း စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ဒါ့အပြင် ၃၄၄ ကအခုလို ထွက်ပြေးတာ ၂၀၂၅ ထဲမှာ သုံးကြိမ်ရှိပြီလို့လည်း စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
“ဒုတိယအကြိမ်က ကားဂိတ်မှာတင် မိသွားတာ၊ ဟိုတခါ ရွာထဲမှာ ဖမ်းမိတဲ့ တပ်ပြေးကတော့ ခလရ ၂၇ ကပြေးတာ ၊၃၄၄က ပြေးတာ ၃ ကြိမ်ရှိပြီ”လို့ ဆိုပါတယ်။
ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ထဲမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်း နယ်စပ်စည်း ဧရိယာကို စိုးမိုးထားတဲ့ အမတ ၃၄၄ ကို တော်လှန်ရေးတပ်ဖွဲ့တွေက အဓိက ထားထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ မေလ ဒုတိယပတ်က စပြီး အမတ ၃၄၄ အနီးက မိဿလင်ကျေးရွာအနီး ကုန်းပေါ်က ကာကင်းစခန်း အထိ ထိုးစစ်ဆင်နေသလို လေးမျက်နှာနဲ့ ရေကြည်မြို့နယ် အစပ်မှာ ရှိတဲ့ စက်စက်ယိုကျေးရွာမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဇွန်လ ၃ ရက်နေ့က စက်စက်ယိုကျေးရွာအနီး ဓမ္မပါလနဂါးရစ်တောင်တိုက်ပွဲမှာ စစ်တပ်ဘက်က ကြားဖြတ်တိုက်ခိုက်ခံလိုက်ရပြီး တပ်ရင်းမှူးတဦး ကျဆုံးခဲ့ပါတယ်။