ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ရေပိုင်နက်ထဲကို အခုလို တရုတ်လေယာဉ်တင် သင်္ဘော ဝင်ရောက်လာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
၉ ၊ ဇွန်
ပင်လယ်ပြင် စစ်ရေးလေ့ကျင့်ကြမယ့် တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ စီးပွားရေးဆိုင်ရာ ရေပိုင်နက်ထဲကို ဝင်ရောက်လာခဲ့တယ်လို့ တိုကျိုကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောပါတယ်။
ဇွန်လ ၇ရက်နေ့မှာ Liaoning အမျိုးအစားလေယာဉ်တင်သင်္ဘော ၊ ဒုံးကျည်ဖျက်သင်္ဘော နှစ်စင်းနဲ့ ထောက်ပံ့ရေး သင်္ဘောတစင်းတို့ဟာ ဂျပန်နိုင်ငံ မီနာမီတိုရီကျွန်းရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာဝန်းကျင်ကို ရောက်ရှိလာခဲ့ကြတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ရေပိုင်နက်ထဲကို အခုလို တရုတ်လေယာဉ်တင် သင်္ဘော ဝင်ရောက်လာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
“တရုတ်စစ်တပ်က သူ့ရဲ့ စစ်ဆင်ရေး စွမ်းရည်နဲ့ ဝေးကွာတဲ့ ဒေသတွေမှာ စစ်ဆင်ရေး လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက AFP သတင်းဌာနကို ပြောပါတယ်။
အခြေအနေကိုစောင့်ကြည့်ဖို့ ဂျပန်ဘက်က Haguro စစ်သင်္ဘောကို စေလွှတ်ထားခဲ့တယ်လို့ သိရပါတယ်။
ရေပိုင်နက်ထဲ ဝင်ရောက်လာတာနဲ့ ပတ်သတ်ပြီး ဂျပန်အစိုးရအနေနဲ့ တရုတ်နိုင်ငံကို လှမ်းပြီး အသိပေးခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုတော့ မသိရပါဘူး။
ပြီးခဲ့နှစ် စက်တင်ဘာလကလည်း ထိုင်ဝမ်အနီးက ဂျပန်ကျွန်း၂ခုအကြား ရေပိုင်နက်ထဲကို တရုတ်လေယာဉ်တင် သင်္ဘောဝင်ရောက်လာခဲ့ပါသေးတယ်။
အဲ့ဒီအချိန်တုန်းကတော့ ဒီလုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဂျပန်အစိုးရက တုံ့ပြန်ခဲ့ပါတယ်။
တရုတ်ရဲ့ ရေတပ်နဲ့ လေတပ်အပါအဝင် စစ်အင်အား ကြီးထွားလာတာဟာ အမေရိကန်နဲ့ အာရှ – ပစိဖိတ်ဒေသက သူ့ရဲ့ မဟာမိတ်တွေအတွက်တော့ တုန်လှုပ်စရာကောင်းတဲ့ အခြေအနေပါ။
Ref – AFP