တောင်တရုတ်ပင်လယ်ဘက်မှာ တိုင်ဖုန်းမုန်တိုင်းဖြစ်လာဖို့ရှိနေတာကြောင့် သက်ရောက်မှုအဖြစ် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ မုတ်သုန်လေဟာ အားကောင်းရာကနေ အားအလွန်ကောင်းတဲ့ အခြေအနေကို ရောက်လာနေပါတယ်။
ဒါကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ဖြစ်ပေါ်နိုင်ချေတွေရှိနေပြီး မိုးသက်လေပြင်းကျစဉ် မြေပြင်၊ ရေပြင်လေဟာ တနာရီကို ၃၅ မိုင်ထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ဟာ ၁၁ ပေထိ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ထုတ်ပြန်ထားပါတယ်။
ဒီသက်ရောက်မှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာမိုးများနိုင်ချေရှိတယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
လက်ရှိအခြေအနေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးများခဲ့တာကြောင့် အဲ့ဒီရေတွေဟာလည်း သက်ဆိုင်ရာ မြစ်ကြောင်းအလိုက် မြန်မာနိုင်ငံ အောက်ပိုင်းကို ဆက်လက် စီးဆင်းနေပြီး အလယ်ပိုင်းဒေသမှာ မြစ်ရေတိုးနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ အစပျိုးနေတဲ့ အထက်လေပွေလှိုင်းကတော့ လက်ရှိအချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ချေ ၄၀ ရာခိုင်နူန်းမှာပဲ ရှိနေသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ သိရပါတယ်။