နိုင်ငံတကာကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာတွေကို စစ်ဆေးဖို့ လမ်းညွှန်ချက်ထုတ်ပြန်ဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က ပြောပါတယ်။
၂၈ ၊ မေလ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်ကိုဝင်ရောက်လာမယ့် ကျောင်းသားဗီဇာအသစ်တွေနဲ့ အလည်အပတ်ခရီးသည်ဖလှယ်ရေးဗီဇာသစ်အတွက် ချိန်းဆိုမှု အစီအစဉ်တွေကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မေလ ၂၇ရက်နေ့မှာ ရိုက်တာသတင်းဌာနက ရရှိခဲ့တဲ့ ရုံးတွင်းကြေးနန်းတစောင်အရ နိုင်ငံတကာကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာတွေကို စစ်ဆေးတာတွေ တိုးချဲ့လုပ်ဆောင်ဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း ဖော်ပြထားပါတယ်။
ထရမ့်အစိုးရက သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေချိန် တရားမဝင်နေထိုင်သူတွေကို နေရပ်ပြန်ပို့တာနဲ့ ကျောင်းသားဗီဇာ ပယ်ချတာတွေကို ဆက်တိုက်ပြုလုပ်နေချိန် အခုလို ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။
အမေရိကန်မှာ ကျောင်းသွားတက်လိုတဲ့ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ခွင့်ပြုချက်မရခင် မိခင်နိုင်ငံအသီးသီးက အမေရိကန်သံရုံးမှာ အင်တာဗျူး သွားရောက်ဖြေဆိုဖို့ လိုအပ်ပါတယ်။
မကြာသေးခင်ကလည်း ထရမ့်အစိုးရဟာ ကမ္ဘာကျော်ဟားဗက်တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသား အစီအစဉ်ကို ရပ်ဆိုင်းပြီး ရန်ပုံငွေဖြတ်တောက်ဖို့လည်း ကြိုးစားခဲ့ပါသေးတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာ ပြောခွင့်ရ Tammy Bruce က အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သတ်လို့ မှတ်ချက်ပြုဖို့ ငြင်းဆိုခဲ့ပေမယ့် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်မယ့် ဘယ်သူ့ကိုမဆို စစ်ဆေးဖို့ နည်းလမ်းအားလုံးသုံးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပါလက်စတိုင်းကို ထောက်ခံမှုနဲ့ ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေကြောင့် ကျောင်းသားဗီဇာနဲ့ Green Card ကိုင်ဆောင်သူတွေဟာ နေရပ်ပြန်ပို့ခံရနိုင်ကြောင်း ၊ အဆိုပါ လုပ်ရပ်တွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် ခြိမ်းခြောက်မှုဖြစ်စေပြီး အဲ့ဒီသူတွေဟာ ဟားမက်စ်ထောက်ခံသူတွေ ဖြစ်တယ်လို့လည်း အမေရိကန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုထားပါတယ်။
Source: Reuters