“ ကျွန်တော်တို့ အမြဲစိုးရိမ်နေခဲ့တာပါ။ ဒီနှစ်မိုးများမယ်လို့ ခန့်မှန်းကြတယ်ဆိုတော့ ကမ်းထိန်းနံရံတွေ မရှိတဲ့ နေရာတွေအများကြီး။ ဇောက်နက်နေတဲ့ ကမ်းနဖူးတွေ အများကြီး။ ကိုယ့်ဘာသာ ဂရုစိုက်နေကြရုံပေါ့။ အရင်ကတော့ စီမံချက်တွေနဲ့ ပြောတာ သတိပေးတာ မဖြစ်ခင်ကြိုပြောင်းတာတွေ လုပ်ခဲ့ကြပေမယ့် ခုကတော့ သတိနဲ့ နေကြဖို့ပဲ ပြောနိုင်ပါတယ်ဗျာ ” လို့ ပြောပါတယ်။
၂၅၊မေလ။
ညောင်တုန်းမြို့မှာ မိုးများပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၈ လုံး ရေထဲမျောပါပြီး လက်တလောမှာ ဆက်ပြိုနိုင်ဖွယ်ရှိတဲ့ နေရာတွေက အိမ်နဲ့ တဲပေါင်း ၃၀ ကျော်ကို အရေးပေါ် ပြောင်းရွေ့ပေးနေရတယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်နေသူတွေက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်ည သန်းခေါင်မှာပြိုကျခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်ရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ရွာသားတွေ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ လူထိခိုက်သေဆုံးမှု မရှိပေမယ့် ပျက်ဆီးဆုံးရှုံးမှု များပြားနိုင်တယ်လို့ ကူညီပေးနေသူတွေက ခန့်မှန်းထားကြပါတယ်။
ကမ်းပါးပြိုကျမှုဖြစ်ခဲ့တဲ့ ရန်ကင်းစံရာရွာဟာမြို့နဲ့ နီးသလို ညောင်တုန်းမြို့မှာ ကမ်းပြိုကျနိုင်တဲ့နေရာတွေ အမျာကြီးရှိနေသေးတယ်လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းတခုရဲ့ ဦးဆောင်သူက DNA ကိုပြောပါတယ်။
“ ကျွန်တော်တို့ အမြဲစိုးရိမ်နေခဲ့တာပါ။ ဒီနှစ်မိုးများမယ်လို့ ခန့်မှန်းကြတယ်ဆိုတော့ ကမ်းထိန်းနံရံတွေ မရှိတဲ့ နေရာတွေအများကြီး။ ဇောက်နက်နေတဲ့ ကမ်းနဖူးတွေ အများကြီး။ ကိုယ့်ဘာသာ ဂရုစိုက်နေကြရုံပေါ့။ အရင်ကတော့ စီမံချက်တွေနဲ့ ပြောတာ သတိပေးတာ မဖြစ်ခင်ကြိုပြောင်းတာတွေ လုပ်ခဲ့ကြပေမယ့် ခုကတော့ သတိနဲ့ နေကြဖို့ပဲ ပြောနိုင်ပါတယ်ဗျာ ” လို့ ပြောပါတယ်။
လက်ရှိ ပြိုကျပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ဘယ်လိုထောက်ပံ့မှုမျိုးမှ မရသေးဘူးလို့လည်း သိရပါတယ်။
ကမ်းပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးသွားခဲ့ရ သူတွေအတွက် လတ်တနေ နေထိုင်စားသောက်ဖို့အတွက် ရွာနဲ့ သက်ဆိုင်ရာ နီးစပ်တဲ့အသိုင်းအဝိုင်းက ပံ့ပိုးကူညီပေးနေကြပါတယ်။
ဧရာဝတီတိုင်းရဲ့ မြောက်ပိုင်း မြို့နယ်တွေ ဖြစ်တဲ့ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ဟင်္သာတမြို့နယ်၊ဇလွန်မြို့နယ်၊ဓနုဖြူမြို့နယ်၊ညောင်တုန်းမြို့နယ် ၊ရေကြည်မြို့နယ်၊လေးမျက်နှာမြို့နယ် တွေဟာ ဧရာဝတီမြစ်၊ငဝန်မြစ် တိုက်စားမှုတွေကြောင့် နှစ်စဉ် ကမ်းပြိုတဲ့ အန္တာရယ်ကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
“ ဇက်ဆိပ်တွေရှိသေးတယ် ပြိုနိုင်တာတွေ။ ကာကွယ်ဖို့ကတော့ တခြားနေရာတွေမကြည့်နဲ့ဦး ဧရာဝတီမြစ်တကြောဆင်းသွားတဲ့နေရာ တကြောလုံး ကမ်းထိန်းနံရံတွေ သေချာရှိတဲ့နေရာရှိလားဆိုတာကိုပဲ ကြည့်ကြဦး ” လို့ ဇလွန်မြို့ပေါ်မှာနေထိုင်သူ တဦးကဆိုပါတယ်။
ဧရာဝတီတိုင်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြစ်ကမ်းပါးပြိုကျမှု အများဆုံးဖြစ်တယ်လို့ ၂၀၁၈ ခုနှစ်တုန်းက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖူးပါတယ်။ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှု ၅၄၀ ကျော်မှာ ၂၆၀ ကျော်ဟာ ဧရာဝတီတိုင်းထဲမှာ ဖြစ်ပေါ်ခဲ့တာပါ။
ယခုနှစ်ရဲ့ မိုးလေဝသဖြစ်စဉ်တွေအရ မိုးများနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြသလို ကမ်းပြိုမှုတွေဟာ ဂရုတစိုက် သတိထားရမယ့် သဘာဝဘေးအန္တရာယ်ထဲမှာ ပါဝင်ပါတယ်။