၂၀၂၄ ခုနှစ်အတွင်းမှာ မိုးသစ်တောကြီးတွေ ပျောက်ကွယ်မှုဟာ ဟက်တာ ၆ ဒသမ ၇ သန်းအထိ ရောက်ရှိခဲ့ပြီး ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်ထက် နှစ်ဆနီးပါး မြင့်တက်လာတာပါ။
၂၃၊ မေ
ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့သစ်တောပျက်စီးမှု စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့သယံဇာတအဖွဲ့ (World Resources Institute) က ထုတ်ပြန်တဲ့ နှစ်ပတ်လည် စစ်တမ်းတခုမှာ ဖော်ပြပါတယ်။
ကမ္ဘာတဝန်းရှိ သစ်တောတွေဟာ တမိနစ်ကို ဘောလုံးကွင်း ၁၈ ကွင်းစာ နှုန်းနဲ့ ပျောက်ကွယ်နေပြီ ဖြစ်တယ်လို့ အဲ့ဒီစစ်တမ်းက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်းမှာ မီးလောင်ကျွမ်းမှုတွေကြောင့် စံချိန်တင် သစ်တောပျက်စီးမှုတွေနဲ့ ကြုံခဲ့ရပြီး ဒီပျောက်ကွယ်မှုရဲ့ တဝက်နီးပါးဟာ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ သဘာဝအတိုင်း ကျန်ရှိနေသေးတဲ့ မိုးသစ်တောကြီးတွေ ပျောက်ကွယ်သွားမှုဟာ ဟက်တာ ၆ ဒသမ ၇ သန်းအထိ ရောက်ရှိခဲ့ပြီး ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်ထက် နှစ်ဆနီးပါးဖြစ်တယ်လို့ မေရီလန်းတက္ကသိုလ်နဲ့ ကမ္ဘာ့သယံဇာတအဖွဲ့ (World Resources Institute) ရဲ့ သုတေသန ပညာရှင်တွေက ကမ္ဘာ့သစ်တောအခြေအနေနဲ့ ပတ်သက်လို့ နှစ်စဉ်ပြုလုပ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မီးလောင်ကျွမ်းမှုတွေဟာ ကမ္ဘာမြေ ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၄ ဒသမ ၁ ဂစ်ဂါတန်ကို ထုတ်လွှတ်ပေးပြီး ဒါဟာ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းဆိုင်ရာ ခရီးသွားမှုတွေက ထုတ်လွှတ်မှုထက် လေးဆပိုများတယ်လို့ သုတေသီတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း တောမီးလောင်ကျွမ်းမှုတွေကြောင့် မဟုတ်ဘဲ စိုက်ပျိုးရေးနဲ့ နွားမွေးမြူရေးလုပ်ငန်းတွေကြောင့် လူတွေဟာ မြေယာရှင်းလင်းရေးနဲ့ သစ်တောခုတ်တာတွေကြောင့် သစ်တောပျောက်ကွယ်မှုဟာ တစ်နှစ်အတွင်း ၁၄ ရာခိုင်နှုန်းလောက် တိုးသွားပြီး ဒါဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်မားဆုံး စံချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို အခြေအနတွေအတိုင်း ဆက်သွားနေမယ်ဆိုရင် သဘာဝသစ်တောတချို့အပြီးအပိုင် ပျက်စီးသွားတာနဲ့ ရင်ဆိုင်ရမှာဖြစ်သလို အဲဒီနောက် ကာဗွန်ဓာတ်ငွေ့တွေ အများအပြားထွက်လာပြီး ရာသီဥတုဖောက်ပြန်မှုတွေအပြင် ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ မေရီလန်း တက္ကသိုလ်ရှိ Global Land Analysis and Discovery Lab အဖွဲ့ရဲ့ တွဲဖက်ဒါရိုက်တာ Peter Potapov က ထုတ်ပြန်ချက်တစ်ခုမှာ မှတ်ချက်ပြုခဲ့ပါတယ်။
Ref – Climate Home News