ဧရာဝတီ ကွမ်းသီးနု ဝယ်လိုအားမြင့်တက်

 

“ကွမ်းသီးတခိုင်မှာ အလုံးရေ ၁၀၀ ရှိတယ်ထား ၊ မှည့်သွားရင် အကင်းကြွေတာနဲ့ဆိုရင် အလုံးရေ ၄၀ တင်ဖို့ မလွယ်ဘူး။ အနုရောင်းတော့ သီးခါစ ၁၀၀ လုံးအတွက် ပိုက်ဆံရတယ်”လို့ ကွမ်းသီးခြံပိုင်ရှင်က DNA ကို ရှင်းပြပါတယ်။

၁၃၊မေလ။

မအူပင်၊ကျိုက်လတ်၊မော်ကျွန်း နဲ့ ဝါးခယ်မမြို့နယ်တွေမှာ ကွမ်းသီအရည်သောက်( ကွမ်းသီးနု) ဝယ်လိုအားများနေပြီး ခြံအရောက် ပွဲစားတွေကလာဝယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာမှာတော့ သီးတဲ့ကွမ်းသီးထက် ကွမ်းသီးဝယ်တဲ့လူက ပိုများတယ်” လို့ ကျိုက်လတ်မြို့နယ်ထဲမှာ နေထိုင်သူကပြောပါတယ်။ ဒီအချိန်က ကွမ်းသီးရာသီ စတင်ချိန် ဖြစ်တဲ့အတွက် အပင်တိုင်းတော့ လှိုင်လှိုင် မသီးသေးဘူးလို့ ဆိုပါတယ်။

ပွဲစားတွေဟာ နယ်တွေအထိ ဆိုင်ကယ်နဲ့ တခြံဝင်တခြံထွက် လိုက်လံ ဝယ်ယူနေတယ်လို့ ပြောပါတယ်။ “တစ်လုံး (ကွမ်း သီးအရည်သေက်) ကို ၆၀ ပေးတယ်” ။

ကွမ်းပင်တက်သမားကိုပါ တစ်ပါးတည်း ခေါ်ဆောင်လာတဲ့ ပွဲစားတွေဟာ ရွာထဲကို နေ့စဉ် ၇ ဦးထက်မနည်း လာရောက်ကြတယ်လို့ မော်ကျွန်းမြို့နယ်ထဲမှာ နေထိုင်သူကပြောပါတယ်။

“ကွမ်းသီးပင်တွေက နာဂစ်ကတည်းက သိပ်ပြီး နာလန်ပြန်ထူတာမဟုတ်ဘူး။ အခု အရည်သောက်တွေ ထပ်ခူးတော့ ဘူးသီးကိုအမွှေးသပ်လိုက်သလိုမျိုး ပိုဆိုးလာတယ်” လို့ သူကပြောပါတယ်။ဒီဒေသမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်က စပြီး ကွမ်းသီးအရေသောက်ဈေးကွက် စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုန်သည်တွေဟာ  အလုံးဝိုင်းကိုမဝယ်ယူဘဲ မိချောင်းခေါင်းလို့ခေါ်တဲ့ ခေါင်းချွန်ဝမ်းသီတွေကိုပဲ ဝယ်ယူကြတာပါ။ “အလုံးကြီးသွားရင် မဝယ်ဘူး။ အထဲမှာ အရည်တည်ကာစ အရွယ်တွေကို ဝယ်တာ” လို့ မအူပင်မြို့နယ်ထဲက ကွမ်းသီးခြံပိုင်ရှင်တဦးကပြောပါတယ်။

ကွမ်းသီးခြံပိုင်ရှင်တွေအနေနဲ့ အရည်သောက်ကွမ်းသီးတွေကို ခြံအရောက်လာရောက်ဝယ်တဲ့ ပွဲစားကို မရောင်းပဲ မြို့ပေါ်က  အဝယ်ဒိုင်တွေမှာ သွားရောက်ရောင်းမယ်ဆိုရင် တလုံးကို ၁၂၀ အထိ ဈေးရတတ်တယ်လို့လည်း သူက ပြောပါတယ်။

ကွမ်းသီးအရည်သောက်တွေကို တရုတ်နိုင်ငံဆီကို ကုန်သည်တွေက တင်ပို့ကြပါတယ်။ ဒီ ကွမ်းသီးအရည်သောက်တွေကို အရသာတွေပေါင်းစပ်ပြီး သားရေစာအဖြစ်နဲ့ ပါကင်ထုတ်ထားတဲ့ ထုတ် ကုန်တွေကိုလည်း မြန်မာနိုင်ငံအတွင်း ပြန်လည်တင်သွင်းကြပါတယ်။

အရည်သောက်အရွယ် ကွမ်းသီးနုတွေကို ခူးဆွတ်ခံထားရတဲ့ ကွမ်းသီးပင်တွေဟာ တနှစ်ထက် တနှစ် အသီးထွက်နှုန်း အားလျော့သွားတယ်လို့ ကွမ်းသီးခြံရှင်တွေက ပြောပါတယ်။ ကွမ်းသီးခြံပိုင်ရှင်တွေ ဟာ အသီးနုကတည်းက ခူးဆွတ်တဲ့အခါမှာ သီးသမျှ အဖတ်တင်ပြီး ဈေးကွက်ဝင်တယ်လို့ ဆိုပါတယ်။

“ကွမ်းသီးတခိုင်မှာ အလုံးရေ ၁၀၀ ရှိတယ်ထား ၊ မှည့်သွားရင် အကင်းကြွေတာနဲ့ဆိုရင် အလုံးရေ ၄၀ တင်ဖို့ မလွယ်ဘူး။ အနုရောင်းတော့ သီးခါစ ၁၀၀ လုံးအတွက် ပိုက်ဆံရတယ်”လို့ ကွမ်းသီးခြံပိုင်ရှင်က DNA ကို ရှင်းပြပါတယ်။

တရုတ်နိုင်ငံက ကွမ်းသီးအရည်သောက် ဝယ်ယူတဲ့နောက်ဆက်တွဲကြောင့် ၂၀၂၅ ခုနှစ်ရဲ့ ကွမ်းသီးအ ခြောက်ဈေးကွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကွမ်းသီးခြောက်စားစရာမရှိတော့ တဲ့ ကွမ်းသီးခြံရှင်တွေဟာ ကွမ်းသီးခြောက် ၁ ပိဿာကို ကျပ် ၃ သောင်းလောက်အထိပေးပြီး ပြန်လည် ဝယ်စားနေရပါတယ်။

“ဈေးရတော့ ရောင်းလိုက်တာ။ ၁ သောင်း ၈ ထောင်ဈေးနဲ့ ၊ အခု ကိုယ်ပြန်ဝယ်စားတော့ ၃ သောင်း ဈေး “ လို့ ကျိုတ်လတ်သားတဦးက ပြောပါတယ်။ ကွမ်းသီးအခြောက်ဈေးနှုန်းဟာ ၂၀၁၅ ခု နှစ် အစပိုင်းမှာ ၁ ပိဿာကို ၈ ထောင်ဈေးလောက် ပေါက်ဈေးရှိနေရာကနေ ၄ လခန့်အတွင်းမှာ ၃ သောင်းဈေးအထိ မြင့်တက်လာခဲ့တာပါ။

ဧရာဝတီတိုင်းမှာတော့ ဇွန် ၊ ဇူလှိုင်လလောက်မှာ ကွမ်းသီးတွေ စတင်ပြီး လှိုင်လှိုင်သီးပါတယ်။ ဒါပေမယ့် လည်း တချို့သော ကွမ်းသီးတွေဟာ ရင့်မှည့်ချိန်အထိ မရောက်ရှိဘဲ အရည်သောက်အနေအထားနဲ့ ရောင်းချလိုက်တဲ့အတွက်  ကွမ်းသီးအခြောက် ထွက်ရှိမှုနှုန်းကလည်း ကျဆင်းနေတယ်လို့ သိရပါတယ်။