ဝန်ကြီးချုပ် ထီးတော်တင်ပြီး တပတ်အကြာ ရေကြည် ဒီပါရုံစေတီ မိုးကြိုးထိမှန် စိန်ဖူးတော်မြေခ

“သူတို့ ပြုတ်ကျတော့မှာပေါ့ ၊ သူတို့ ပြုတ်ကျဖို့ နိမိတ်ပေါ့”လို့ ရေကြည်မြို့ခံတဦးက မှတ်ချက်ပေးပါတယ်။

၁၃ ၊ မေလ။

ဧရာဝတီတိုင်း ၊ ရေကြည်မြို့က သမိုင်းဝင်စေတီတော်တဆူဖြစ်တဲ့ ဒီပါရုံစေတီတော်မြတ်ကြီးကို ဒီနေ့ မွန်းလွဲပိုင်းက မိုးကြိုးထိမှန်ပြီး စိန်ဖူးတော် မြေခခဲ့တယ်လို့ သိရပါတယ်။ဒီစေတီတော်ကြီးကို ပြီးခဲ့တဲ့ တပတ် မေလ ၆ ရက်နေ့ကမှ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ထီးတော်အသစ် တင်လှူခဲ့တာလို့လည်း ဒေသခံက ပြောပါတယ်။

“သူတို့ ပြုတ်ကျတော့မှာပေါ့ ၊ သူတို့ ပြုတ်ကျဖို့ နိမိတ်ပေါ့”လို့ ရေကြည်မြို့ခံတဦးက မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် ဒေသခံတချို့ကလည်း ထီးတော်ကို စစ်ကောင်စီ အသိုင်းအဝန်းအတွက် အမြင့်ရောက်ဖို့ ရည်မှန်းပြီး ယတြာချေတဲ့ အနေနဲ့ တင်လှူခဲ့တာမို့ တပတ်အတွင်း မိုးကြိုးခတယ်၊  စိန်ဖူးတော် မြေခတယ်ဆိုတာ စစ်ကောင်စီ ထိပ်ပိုင်းကလူတွေ အကျဖက်ရောက်မယ့် နိမိတ်လို့ သုံးသပ်နေကြပါတယ်။

ဒီရက်ပိုင်း အတွင်းမှာပဲ ရေကြည်မြို့နယ် အတွင်းမှာ တိုက်ပွဲတွေ ပြင်းထိုက်နေပြီး အာရက္ခတပ်တော်က မြောက်စမ်းရွာ အနီးမှာရှိတဲ့ အမတ ၃၄၄ ရဲ့ ကာကင်းတွေကို ထိုးစစ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။

ရေကြည်မြို့ဟာ ဟံသာဝတီခေတ်ရဲ့ မွန်လူမျိုးတွေ ထူထောင်ခဲ့တဲ့ ပုသိမ် ၃၂ မြို့ထဲမှာ စာရင်းဝင်တဲ့ မြို့တမြို့ဖြစ်ပြီး ဒီပါရုံစေတီတော်မြတ်ကြီးဟာ မြို့တည်ချိန်က စတင်တည်ထားခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် စေတီတော်တဆူဖြစ်တယ်လို့ ရေကြည်မြို့ တိုက်အုပ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဟိတစာရက မိန့်ကြားဖူးပါတယ်။