ဖူကူရှီမားဓာတ်ပေါင်းဖိုက အဆိပ်သင့်ရေတွေကို ပင်လယ်ထဲ စွန့်ပစ်ဖို့ ဂျပန်အစိုးရ ဆုံးဖြတ်ထား

၁၆ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

ဂျပန်အစိုးရဟာ ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုပျက်စီးစဉ်က ထွက်ရှိလာတဲ့ ရေဒီယိုသတ္တိရေတွေကို ပင်လယ်ထဲစွန့်ပစ်ဖို့ ဆုံးဖြတ်ထားပြီး ယခုလအတွင်း တရားဝင်ထုတ်ပြန်ကြေငြာနိုင်တယ်လို့ Kyodo သတင်းအေဂျင်စီက ဒီကနေ့မှာ ပြောပါတယ်။

၂၀၁၁ ဂျပန်ငလျင်နဲ့ ဆူနာမီ သဘာဝဘေးကြောင့် ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖို မတော်တဆ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ရှိလာတဲ့ ဓာတ်ရောင်ခြည်သင့်ရေတန်ချိန် တစ်သန်းကျော်ကို Tokyo Electric Power Company Holdings ကုမ္ပဏီက လက်ရှိအချိန်အထိ ၉နှစ်ကြာ စုဆောင်းထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အတိအကျမဆုံးဖြတ်ရသေးပေမယ့် အစိုးရအနေနဲ့ အဲဒီ့ကိစ္စကို မြန်မြန်ဖြေရှင်းချင်တယ်လို့ ဂျပန်စက်မှုဝန်ကြီး ဟီရိုရှီ ကာဂျီယာမာကပြောပါတယ်။

“နျူကလီးယားဓာတ်ပေါင်းဖိုက ထွက်လာတဲ့ အဆိပ်သင့်ရေတွေကို ဘေးကင်းကင်းနဲ့ ရှင်းလင်းဖို့က ဖူကူရှီးမား ဒေသမှာ နျူကလီးယားကပ်ဘေးဒုက္ခကနေ ပုံမှန်အခြေအနေပြန်ရောက်ရေး အဓိကလုပ်ဆောင်ချက် တစ်ခုပါ။” လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ဒါပေမယ့် အဆိပ်သင့်ရေတွေကို ပင်လယ်ထဲစွန့်ပစ်မယ့် ကိစ္စကို ဂျပန်ငါးဖမ်းသမားတွေအနေနဲ့ ဒေါသထွက်နိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖို ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ကတည်းက အိမ်နီးချင်းတောင်ကိုရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသထွက် ပင်လယ်စာတွေ တင်သွင်းမှုကို လက်ရှိအချိန်ထိ တားမြစ်ထားတာ ဖြစ်ပါတယ်။

Ref : Reuters
Photo Credit : nippon