ရန်ကုန်အပါအဝင်ငလျင်အခြေအနေနဲ့ပတ်သတ်လို့ဘာတွေသတိပြုရမလဲ

၇၊မေ။

ပဲခူးအပါအဝင် ရန်ကုန်မြို့ဆိုလို့ရှိရင် လူဦးရေတအားများလာတယ် အဆောက်အဦးတွေ အရမ်းဖွံ့ဖြိုးလာတယ်။ ဆိုတော့ ပျက်စီးအရေအတွက် ဆုံးရှုံးမှုတွေသည် အဲ့လိုပြင်းအားလောက်နဲ့ လှုပ်ခဲ့မယ်ဆိုရင် အဆပေါင်းများစွာ ပျက်ဆီးသွားနိုင်တာပေါ့။

ရန်ကုန်မှာ လတ်တလောလှုပ်ခတ်နေတဲ့ ငလျင်တွေဟာ အန္တရာယ်ရှိလာနိုင်လား၊ ဘယ်လိုအခြေအနေတွေရှိနိုင်လဲဆိုတာနဲ့ပတ်သက်လို့  ငလျင်ကျွမ်းကျင်ပညာရှင် ဒေါက်တာမျိုးသန့်ကို DNAကဆက်သွယ်မေးမြန်းထားပါတယ်။

(ပြင်းအားမြင့်ငလျင်လှုပ်ခတ်ခဲ့တာ နှစ်တရာနီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပဲခူးငလျင်ကို သတိပြုရန်လိုအပ်တယ်လို့လည်း ဒေါက်တာမျိုးသန့်ကထောက်ပြပြောဆိုပါတယ်။)

မေး – ရန်ကုန်ဟာ ငလျင်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလာနေပြီလား။

ဖြေ – ရန်ကုန်မြို့အတွက် ငလျင်အန္တရာယ်ကို ကျွန်တော်တို့ ပြောကြဆိုကြပြီဆိုလို့ရှိရင် အများစုသည် စစ်ကိုင်းပြတ်ရွေ့ကို ပြောဆိုဆွေးနွေးကြတယ်ပေါ့ သူကလည်းပဲ ကျွန်တော်တို့ ရန်ကုန်နဲ့ ၃၀ ကီလိုမီတာလောက်ပဲဝေးတယ်။ နောက်ဆုံးဖြစ်ခဲ့တာက ၁၉၃၀ ပဲခူးငလျင်လှုပ်တုန်းက ပြင်းအား ၇ ဒဿမ ၃၊ ၇ ဒဿမ ၄ လောက်နဲ့ လှုပ်ခဲ့တယ်။ ပဲခူးမှာ လူ ၅၀၀ သေသွားပြီးတော့ ရန်ကုန်မှာ လူ ၅၀ သေတယ်။ ကျန်တော်တို့ အဲ့ဒီခေတ်က လူဦးရေ အရေအတွက်နဲ့ အဆောက်အဦးတွေရဲ့ အရေအတွက် လူနေထူထပ်မှု စသည်ဖြင့် ဒါတွေက အရမ်းကွာတယ်။ အဲ့တော့ ပဲခူးအပါအဝင် ရန်ကုန်မြို့ဆိုလို့ရှိရင် လူဦးရေတအားများလာတယ် အဆောက်အဦးတွေ အရမ်းဖွံ့ဖြိုးလာတယ်။ ဆိုတော့ ပျက်စီးအရေအတွက် ဆုံးရှုံးမှုတွေသည် အဲ့လိုပြင်းအားလောက်နဲ့ လှုပ်ခဲ့မယ်ဆိုရင် အဆပေါင်းများစွာ ပျက်ဆီးသွားနိုင်တာပေါ့။ ဒါကြောင့် ကျွန်တော် အဲ့ဒါကို ရည်ညွှန်းလေ့ရှိတယ်။ အခု ၂၀၂၅ မတ်လ ၂၈ က ပြင်းအား ၇ ဒဿမ ၇ နဲ့ စစ်ကိုင်းပြတ်ရွေ့က ငလျင်လှုပ်သွားတယ်။ အဲ့ဒီငလျင်က ပြတ်ရွေ့သွားတဲ့ အပိုင်းသည် စဉ့်ကူးလောက်ကနေပြီးတော့ တောင်ပိုင်း ဖြူး နားလောက်အထိ ရွေ့ပြတ်ထွက်သွားတယ် ကီလိုမီတာ ၅၀၀ လောက်ရှိတာပေါ့။

မေး – ဒီတော့ တခြား အစိတ်အပိုင်းတွေမှာရော လှုပ်နိုင်ချေရှိနေလား။

ဖြေ – ကျွန်တော်တို့က စစ်ကိုင်း ပြတ်ရွေ့ကနေပြီးတော့မှ နောက်ထပ်ငလျင်တွေ ဘယ်နေရာတွေကနေများ လှုပ်လာနိုင်လဲဆိုတာကို ပြောဆိုကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မတ်လ ၂၈ ရက်ကလှုပ်တဲ့ ငလျင်၊ ပြီးတော့ ၂၀၁၂ တုန်းကလှုပ်ခဲ့တဲ့ သပိတ်ကျင်း အပိုင်းငလျင်တွေကလွဲရင် ကျန်တဲ့အပိုင်းတွေသည် အန္တရာယ်များလာတယ်လို့ ပြောလို့ရတယ်။

မေး – ဒါဆို ပဲခူး ငလျင်က ပြန်လှုပ်လာနိုင်ချေရှိနေပြီလား။

ဖြေ – ပြတ်ရွေ့ အစိတ်အပိုင်းတွေက မြောက်ပိုင်းဘက်၊ အလယ်ပိုင်း၊ တောင်ဘက်ပိုင်းဆိုပြီးရှိတယ်။ အခု မတ်လ ၂၈ ရက်က လှုပ်သွားတာက အလယ်ပိုင်းပေါ့နော်။ ၂၀၁၂ သပိတ်ကျင်း ငလျင်လှုပ်ပြီး ၁၃ နှစ်ကြာမှာ ငလျင်အရွေ့သည် တောင်ဘက်ကို ရွေ့လာတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ၁၉၃၀ ပဲခူးငလျင်က ပဲခူးအစိတ်အပိုင်းကနေ လှုပ်တာဆိုတော့ အခု ၁၉၃၀ ကနေ ၂၀၂၅ ဆိုတော့ ၉၅ နှစ်ရှိသွားပြီ ပြင်းအား ၇ အထက်လှုပ်မယ်ဆိုရင် လှုပ်နိုင်ချေ ရာခိုင်နူန်းအရမ်းများလာတယ်။ အဲ့တော့ ၂၀၁၂ သပိတ်ကျင်း ငလျင်သည် ၁၉၄၆ က ပြင်းအား ၇ ဒဿမ ၄ နဲ့ လှုပ်တဲ့အပိုင်းက ပြန်လှုပ်တာဖြစ်တယ် နှစ် ၇၀ ဝန်းကျင်လောက်မှာ ပြန်လှုပ်တာပေါ့နော်။ အခု ပဲခူး အစိတ်အပိုင်းသည် ၉၅ နှစ်ရှိသွားပြီ ဆိုတော့ အခုပြင်းအား ၇ နဲ့အထက်လှုပ်မယ်ဆိုရင် လှုပ်နိုင်ချေတွေ များလာတယ်။ ဘူမိဗေဒ အထောက်အထားတွေရော ပြတ်ရွေ့ရဲ့ ရွေ့နူန်းတွေရော အတိတ်က လှုပ်ခဲ့တဲ့ ငလျင်တွေရောဆိုလို့ရှိရင် ၇ အထက် ပြင်းအားသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်ဆိုရင် ပြန်လှုပ်တတ်တယ်ဆိုတော့ သူကတော့ ကျွန်တော်တို့ သတိထားကြရတော့မှာပေါ့နော်။

မေး – ရန်ကုန်အတွက်ရော နည်းနည်း ပြည့်ပြည့်စုံစုံလေး ပြောပေးလို့ရမလား။

နောက်တခုက ရန်ကုန်ပေါ့နော်။ ရန်ကုန်ကို ဗဟိုပြုပြီးတော့ ငလျင်လေးတွေ တောက်လျှောက် မကြာခဏဆိုသလို လှုပ်လေ့လှုပ်ထရှိတာကို တွေ့ရတယ် ဒါကတော့ ထုံးစံပဲ။ ပြင်းအားမြင့်မားတဲ့ငလျင်တွေသာ လှုပ်ခတ်ဖို့အတွက် ကြာချိန်က နှစ်ပေါင်းရာချီပြီးတော့ ကြာတတ်တာပေါ့နော် ငလျင်အငယ်လေးတွေကတော့ ကြာလေ့ကြာထမရှိဘူး။ ပြင်းအား ၄ တို့ ၅ တို့ ငလျင်တွေပြန်လှုပ်ခတ်ဖို့ဆိုရင် လေးငါးခြောက်နှစ်လောက်ဆို ပြန်လှုပ်နိုင်တာပေါ့။ ဒါကပြတ်ရွေ့တခုတည်းကနေ စဉ်းစားတဲ့ဟာပေါ့နော်။ ရန်ကုန်မြို့ရဲ့အောက်မှာဆိုရင်လည်း ပြတ်ရွေ့တွေ ရှိနေတယ် စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင် တောင်မြောက်သွယ်တန်းနေတဲ့ ပြတ်ရွေ့ နှစ်ခုရှိတာကို တွေ့ရတယ်။ ဆိုတော့ ၂၀၁၇ တုန်းက တိုက်ကြီးငလျင်လှုပ်တယ်။ ပြင်းအား ၅ ဒဿမ ၁ အထက်လှုပ်တယ် ဒီလှုပ်လိုက်တဲ့ဟာသည် ရန်ကုန်မြို့အထိ သွယ်တန်းနေတယ်လို့ ယူဆရလိမ့်မယ် ဆိုတော့ ပြတ်ရွေ့အမျိုးအစားကလည်း ဘေးတိုက်ရွေ့တဲ့ ပြတ်ရွေ့အမျိုးအစားဖြစ်နေတယ်။ ထိုနည်းတူစွာပဲ သူ့ရဲ့အရှေ့ဘက် ကန်တော်ကြီးတို့ဘာတို့ကို ဖြတ်သွားတဲ့ ပြတ်ရွေ့ငယ်လေးတခုလည်းရှိနေတယ်။ ဒါတွေကို ကျွန်တော်တို့ ကောင်းကောင်း လေ့လာထားမှုတွေ မလုပ်ရသေးဘူး။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ရန်ကုန်မြို့နဲ့ကပ်ရပ် မနီးမဝေးတွေမှာရော မြို့ပေါ်တွေမှာရော ဒီလိုမျိုး ပြတ်ရွေ့ငယ်တွေ ရှိနေတယ်ဆိုတာကို သိထားကြတယ်။ ငလျင်တွေလည်း ပြင်းအား ၄ ၊ ၅ ဝန်းကျင်လောက်နဲ့ မကြာခဏ လှုပ်နေတာတွေရှိနေတယ်။ တော်တော်ကို ခံစားသိရှိနေကြတာတွေလည်း ရှိတယ်။ ၂၀၁၇ က ပြင်းအား ၅ ဒဿမ ၁ နဲ့လှုပ်ခဲ့တာသည် အဲ့ဒီပြတ်ရွေ့က နည်းနည်းလေး ရှည်တယ်လို့ပြောရမယ်။ ဒီပြတ်ရွေ့ကနေပြီးတော့ ပြင်းအား ၆ နဲ့အထက်လှုပ်နိုင်လား ဆိုတာကိုတော့ ကျွန်တော်တို့ ဆက်ပြီးလေ့လာဖို့လိုတာပေါ့နော်။ ၂၀၂၁ အာဏာမသိမ်းခင်ကတော့ ရန်ကုန်အောက်မှာရှိနေတဲ့ ပြတ်ရွေ့တွေကို လေ့လာကြဖို့ဆိုပြီးတော့ မြန်မာနိုင်ငံ ငလျင်ကော်မတီတို့ ဘူမိသိပ္ပံအသင်းတို့ကနေပြီးတော့ ပြတ်ရွေ့တွေကိုလေ့လာနေတဲ့ ဘူမိဗေဒ ပါမောက္ခတွေနဲ့ သတင်းအချက်အလက်တွေ ပေါ်လစီတွေ စုဆောင်းနေတာတွေရှိတယ်။ ဒါပေမယ့် အခုကျတော့ ရပ်တန့်နေရတာပေါ့ အဲ့ဒီသဘောရှိနေတာပေါ့ဗျာ။