စပါးဈေးကျတဲ့ အပြင် ဝယ်လက်တွေ ငွေအကျေမချေလို့ လယ်သမားတွေ အခက်ကြုံ

 

“လက်ငင်းမဝယ်တာကများတယ်။ တစ်ဝက်ပေး ၊ တစ်ဝက်ဆိုင်းနဲ့ ဝယ်တဲ့လူချည်းပဲ” လို့ dna ကိုပြောပါတယ်။

၃၀ ၊ ဧပြီ။

လက်ရှိဈေးကွက်မှာ စပါးပေါက်ဈေးဟာ မနှစ်က ပေါက်ဈေးထက် ကျဆင်းနေတဲ့အပြင် ဝက်လက်တွေက တစ်ဝက်ပေး ၊ တစ်ဝက်အဆိုင်းနဲ့သာ အရောင်းအဝယ် လုပ်နေတဲ့ အတွက်  ဧရာဝတီမြစ်ဝကျွန်းပေါ်က လယ်သမားတွေအနေနဲ့ ငွေပေါ်ဖို့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

ငွေမပေါ်တဲ့ အတွက် နွေစပါးစိုက်ဖို့  အရင်းအနှီးစိုက်ထုတ်ဖို့ ခက်ခဲနေရတယ်လို့ ကျိုတ်လတ်မြို့နယ်က လယ်သမားတဦးက ပြောပါတယ်။

“လက်ငင်းမဝယ်တာကများတယ်။ တစ်ဝက်ပေး ၊ တစ်ဝက်ဆိုင်းနဲ့ ဝယ်တဲ့လူချည်းပဲ” လို့ dna ကိုပြောပါတယ်။

လက်ရှိစပါးဈေးနှုန်းဟာ တင်း ၁၀၀ ကို ၁၃ သိန်းကျပ် ဝန်းကျင်မှာရှိနေပါတယ်။ ဒါပေမယ့် ဒေသတွင်း ဝယ်လက်တွေဖြစ်တဲ့  ဆန်စက်တွေမှာ လက်ငင်းအနေနဲ့ သွားရောင်းမယ်ဆိုရင် တင်း ၁၀၀ ကို ၁၀ သိန်း ဝန်းကျင်သာ ရရှိတယ်လို့ ပြောပါတယ်။

“ဆန်ဖြစ်ပြီး ရောင်းထွက်မှ ကျန်တဲ့တစ်ဝက်ရတာမျိုး” လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့်လည်း

ဧရာဝတီတိုင်းက လယ်သမားတချို့က  စပါးတွေကို မရောင်းချသေးဘဲ သိုလှောင်ထားကြတာမျိုး ရှိနေပါတယ်။ တချို့ ကတော့ ငွေကြေးအခက်အခဲ ရှိတာကြောင့် ရတဲ့ဈေးနဲ့ ရောင်းချနေကြရပါတယ်။

လက်ရှိအချိန်က ဧရာဝတီတိုင်းက ကျိုက်လတ်၊မော်ကျွန်းနဲ့မအူပင် မြို့နယ်ထဲက တချို့ ဧရိယာတွေမှာ နွေစပါး ပြန်လည် စိုက်ပျိုးနေတာကြောင့် လယ်သမားတွေဟာ စိုက်ပျိုးစရိတ်တွေ လိုအပ်နေချိန်ဖြစ်ပါတယ်။ “ပျိုးကြဲပြီးပြီ။ မြေဩဇာက လိုက်ရတောမှာ။ စပါးရောင်းမ ထွက်သေးရင် ပိုက်ဆံကလိုမှာ” လို့ လယ်သမားတဦးကပြောပါတယ်။

၂၀၁၄ ခုနစ်က စပါးဈေးက တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ ဝန်းကျင်ရှိခဲ့တာကြောင့် ဧရာဝတီတိုင်းက လယ် သမားတွေ အဆင်ပြေခဲ့ကြပါတယ်။ “မနှစ်က ဈေးနဲ့ယှဉ်ရင် သိန်း ၉၀ လောက်ရှုံးတယ်” လို့ မကြာသေး ခင်က စပါးတင်း ၁ ထောင်ကျော် ရောင်းချခဲ့တဲ့ ကျိုက်လတ်မြို့နယ်က လယ်သမားတဦးကပြောပါ တယ်။

လက်ရှိအချိန်မှာ ငွေကြေးအင်အား တောင့်တင်းသူတွေနဲ့ စပါးမိုးလွတ်ရိတ်သိမ်းနိုင်ခဲ့သူတွေဟာ စပါးဈေးနှုန်း တက်မှသာ ရောင်းချမယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း စပါးမိုးထိခဲ့သူတွေနဲ့ ငွေ ကြေး လိုအပ်သူတွေကတော့ ကျဈေးနဲ့သာ ရောင်းချနေကြရပါတယ်။