အမေရိကန်သမ္မတနဲ့ ဖြည့်စွက်အားဆေးများ

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

အမေရိကန်သမ္မအတွက် ကိုဗစ်ရောဂါကုသရာမှာ ဘယ်လိုဆေးတွေ သုံးခဲ့သလဲ ?
နိုင်ငံတော်က ပြည်သူတွေရဲ့ ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်နေပြီး အမေရိကန်သမ္မအတွက် သုံးခဲ့တဲ့ဆေးတွေကို ကျွန်မတို့ ပြည်သူတွေအတွက် သုံးနေပါတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ည မိန့်ခွန်းမှာ ထဲ့သွင်း ပြောသွားခဲ့ပါတယ် ။ ဒါကြောင့် Delta News Agency အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အတွက် ဘယ်လိုဆေးတွေ သုံးခဲ့တယ် ၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို သိနိုင်ဖို့ ဆောင်းပါးရှင် ဒေါက်တာ သော်ဇင်ညိမ်း ရေးသားထားတဲ့ အမေရိကန်သမ္မတ နဲ့ ဖြည့်စွက်အားဆေးများ ဆိုတဲ့ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။

===============================================================

အမေရိကန်သမ္မတနဲ့ ဖြည့်စွက်အားဆေးများ

အမေရိကန် သမ္မတဒေါ်နယ် ထရမ့်ဟာ ကိုဗစ်ပိုးတွေ့လို့ ဝေါ်တာရိဒ် စစ်ဆေးရုံမှာ တက်‌ရောက်ကုသမှု ခံယူနေရပါတယ်။

အသက်(၇၄)နှစ်ရှိပြီး နည်းနည်းအဝလွန်နေတဲ့ သမ္မတဟာ ကိုဗစ်ကို ခုခံတွန်းလှန်နိုင်ပါ့မလားလို့ သံသယရှိစရာ ဖြစ်ပေမယ့် သူဟာ နှာစေးချောင်းဆိုး အဖျားငွေ့ငွေ့ပဲ ရှိပြီး ရောဂါ မပြင်းထန်ဘူးလို့ သိရပါတယ်။ အောက်စီဂျင်တောင် ပေးဖို့မလိုဘူးလို့ သမ္မတရဲ့သမားတော်ကပြောပါတယ်။

သမ္မတကို ပေးထားတဲ့ ကုထုံးတွေက Remdesivir ဗိုင်းရပ်စ် သတ်ဆေး ၊ Monoclonal Antibody Cocktail(မိုနိုကလိုနယ် ခုခံအားဆေးပေါင်း) ၊
Vitamin D ၊ Zinc နဲ့ melatonin စတာတွေလည်း ပေးထားတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲနီးမှ အခုလိုဖြစ်တော့ ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်က သူ့ရဲ့မဲဆွယ်လှုပ်ရှားမှုတွေကို အရှိန်လျော့ချပြီး ထရမ့်နေကောင်းတဲ့အထိစောင့်မယ်လို ဆိုပါတယ်။

ယခင်သမ္မတဟောင်း အိုဘားမားကလည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာဖို့ ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။ ထရမ့်က လူထုကြားဟောပြောပွဲတွေမှာလည်း Mask တပ်ဖို့ ငြင်းဆန်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သမ္မတရဲ့သမားတော်က သမ္မတကိုညွှန်ကြားတဲ့ Vitamin D , Zinc , Cevit စတဲ့ ဖြည့်စွက်အားဆေးတွေကို မြန်မာနိုင်ငံသူ/သား အများစုက အားကိုးတကြီးကြိုက်နှစ်သက်ကြတာ တွေ့ရတော့ ဒီဆေးတွေနဲ့ ပါတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။

Vitamin D , Vitamin C , Zinc စတာတွေဟာ supplement ဆေးတွေ ဖြစ်သည်။

Supplement ဆေးများသည် ရောဂါ ကုသဆေးမဟုတ်ပါ။ ရောဂါ ပျောက်အောင် မစွမ်းနိုင်ပါ။ ရောဂါ ကာကွယ်ဆေးများ မဟုတ်ပါ။ ဖြည့်စွက်ဆေးအများစုဟာ မြန်မာ FDA မရဘဲအောက်လမ်းက ဝင်ရောက်တာတွေ ဖြစ်လေ့ရှိတဲ့အတွက် အတုအန္တရာယ်လည်း ထဲ့တွက်ရပါမယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးဝင်ရောက်လာပါက အထိုက်အလျောက် ခုခံနိုင်တဲ့ အနိသင်တော့ ရရှိစေပါတယ်။

Supplement တွေကို ဈေးကြီးပေးပြီး ဝယ်မသောက်စေချင်ပါ။တခြားကုသဆေး မရှိမဖြစ်လိုအပ်သောဆေးများအတွက်ငွေကြေးခြိုးခြံစေချင်ပါတယ်။

ကိုယ်က ငွေပိုငွေလျှံရှိလို့ ဖြည့်စွက်အားဆေးအနေနဲ့ သောက်သုံးချင်တယ်ဆိုရင် နေ့စဉ်လိုအပ်တဲ့ သတ်မှတ်ပမာဏ (Recommended Daily Allowance) ထက်ပိုမသောက်စေချင်ပါ ။

ကိုယ်ခံအားကောင်းနေခြင်းဟာ ကိုဗစ်မှမဟုတ် တခြားရောဂါပိုးမွှားများကို ခုခံကာကွယ်ရာမှာ အရေးကြီးပါတယ် ။

သဘာဝအတိုင်း ကိုယ်ခံအား ဖြစ်ပေါ်စေဖို့ အားရှိအောင် စားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ မိမိစိတ်ကို ကြည်လင်တည်ငြိမ်အောင် အသက်ရှုလေ့ကျင်ခန်းပြုလုပ်ပါ။လမ်းလျှောက် ၊ကိုယ်လက်လေ့ကျင့်ခန်းလုပ် မယ်ဆို လုံလောက်ပါတယ်။

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှု ဆရာဝန်)