ပုံစာ-မီးလောင်မပျက်ဆီးခင်က ပန်းတောကြီး ရွှေဆံတော်ဘုန်းကြီးကျောင်းမှာ ရွာသူရွာသားများ သီလဆောက်တည် တရားနာခဲ့ကြစဉ်
“အိမ်တွေပါသွားရင်တောင် တော်သေးတယ် အခုတော့ တရွာလုံး ရင်ကွဲနေရပြီ”လို့ ဟင်္သာတမြို့မှာ စစ်ရှောင်နေရတဲ့ ပန်းတောကြီးကျေးရွာသူတဦးက DNA ကို ပြောပါတယ်။
၂၇ ၊ ဧပြီ ။
ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာရဲ့ အထင်ကရ ဘုန်းတော်ကြီးကျောင်းဟာ မနေ့က မွန်းတည့် ၁၂ နာရီခန့်မှာ လက်နက်ကြီး ထိမှန်ပြီး မီးလောင်ကျွမ်းခဲ့ပြီလို့ သိရပါတယ်။
“မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ဘူး။အခု မီးလောင်တဲ့ဟာက ဆီဆုံကုန်းက လှမ်းပစ်တာ။ မီးလောင်နေတဲ့ အချိန် လေယာဉ်က လာပြီး ဗုံးကြဲသေးတယ်။ ပန်းတောကြီးကို သုံးလေးခါလောက် ကြဲတယ်”လို့ ပန်းတောကြီးရွာ အနီးဝန်းကျင်မှာပဲ စစ်ရှောင်နေတဲ့ ဒေသခံက ပြောပါတယ်။
DNA ရဲ့ စာရင်းပြုစုချက်အရ ပုသိမ်-မုံရွာ ကမ်းလမ်းအရှေ့ဘက်ခြမ်းမှာ ရှိနေတဲ့ ပန်းတောကြီးရွာကို ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန့် တရက်နေ့က အာရက္ခတပ်တော်က ဝင်ရောက်စီးနင်းပြီး နောက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ အကြိမ် ၃၀ ကျော် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း နေ့စဉ်မပျက် ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
“၁၂ နာရီတီးဖို့ ၅ မိနစ် ၁၀ မိနစ် အလိုက လောင်လိုက်တာ ၁၂ နာရီခွဲအထိကို တင်းတင်း လောင်တယ်။ တညနေလုံးတော့ မီးခိုးပေါ့၊ တိုင်တွေမှာပဲ မီးခိုးလောင်တော့တာ ။ ကျန်တာတွေတော့ အကုန်လောင် သွားပြီ”လို့ အဆိုပါ ဒေသခံက အခြေအနေကို ရှင်းပြပါတယ်။
ပန်းတောကြီးကျေးရွာ ဘုန်းကြီးကျောင်းဟာ ပန်းတောကြီးနဲ့ မြို့ကုန်းရွာ အကြား ကုန်းပေါ်မှာ တည်ထားတဲ့ ဆံတော်ရှင်စေတီတော်မြတ်ကြီး (ဒေသ အခေါ် ရွှေဆံတော်ဘုရား) ခြေတော်ရင်းမှာ ရှိပြီး ကျွန်းတိုင်ကြီးတွေနဲ့ တည်ဆောက်ထားတဲ့ ခမ်းနားတဲ့ သာသနိက အဆောက်အဦး တခုဖြစ်ပါတယ်။
“အိမ်တွေပါသွားရင်တောင် တော်သေးတယ် အခုတော့ တရွာလုံး ရင်ကွဲနေရပြီ”လို့ ဟင်္သာတမြို့မှာ စစ်ရှောင်နေရတဲ့ ပန်းတောကြီးကျေးရွာသူတဦးက DNA ကို ပြောပါတယ်။ ရွှေဆံတော်ဘုန်းကြီးကျောင်းမှာ သတင်းသုံးနေတဲ့ ဆရာတော်ကြီးဟာ သက်တော် ၈၉ နှစ်ရှိနေပြီဖြစ်ပြီး ဆရာတော်ကြီး အပါအဝင် ကျောင်းရှိ သံဃာတွေဟာ ဘေးလွတ်ရာမှာ ပြောင်းရွှေ့ သတင်းသုံးနေပြီ ဖြစ်တဲ့အတွက် ထိခိုက်မှု တစုံတရာ မရှိဘူးလို့ သိရပါတယ်။
ပန်းတောကြီးရွာကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ခဲ့ရာ ဧပြီလ ၁၈ ရက်နေ့မှာ ဂျက်ဖိုက်တာနဲ့ လာပစ်အပြီးမှာ အပိုင်း ၃မှာရှိတဲ့ အိမ်တချို့ စတင်ပြီးလောင်ခဲ့ပြီး မိုင်တဲတာဝါတိုင်အနီး ၊ ဈေးထိပ်လမ်းဆုံမှာရှိတဲ့ အိမ်တချို့ မီးကူးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က Y-12 ၊ Mi 35 ၊ ဂျက်ဖိုက်တာ ၊ စက်တပ်လေထီး စတဲ့ အမျိုးအစားပေါင်းစုံနဲ့ လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်ပြုလုပ်ခဲ့ပြီး ပန်းတောကြီးကျေးရွာက အပိုင်း ၂ ၊ အပိုင်း ၃ ၊ အပိုင်း၄ ၊ အပိုင်း ၅ မှာရှိတဲ့ အိမ်တော်တော်များများ မီးလောင်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။
မနေ့က ဧပြီ ၂၆ ရက်နေ့မှာတော့ ပန်းတောကြီးကနေ ဆီဆုံကုန်းရွာကို ပြောင်းရွှေ့ ခံစစ်ပြင်ထားတဲ့ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျဉ်ဆံ ထိမှန်ပြီး ရွှေဆံတော် ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး ခဲ့ပြီ ဖြစ်ပါတယ်။
ဧပြီ ၂၆ မနေ့က တရက်တည်းမှာပဲ ပန်းတောကြီးကို ၄ ကြိမ်၊မြို့ကုန်းရွာကို ၃ ကြိမ်၊ ငှက်ပျောတောကို တကြိမ်၊ စမ်းကုန်း တုန်းတောဝန်းကျင်ကို ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပန်းတောကြီး ရွှေဆံတော်ဘုန်းကြီးကျောင်းအပြင် ၊ မြို့ကုန်းရွာ နဲ့ သရက်ကုန်းရွာ အကြားမှာရှိတဲ့ ဖောင်တော်ဦး စေတီပျက်ဆီးခဲ့ရသလို ၊ စက်စက်ယို ကျေးရွာက စိတ္တသုခ ဘုန်းကြီးကျောင်းလည်း ပျက်ဆီးသွားပြီလို့ သိရပါတယ်။