“ ပူလိုက်အေးလိုက်ဖြစ်ရင် ငါးတွေ သေတတ်တယ်။ ပြီးတော့ မိုးရွာချလိုက်လို့ လိုအပ်တဲ့ ရေဩဇာနဲ့ အစာလုံလောက်မှုတွေ လျော့သွားရင် ငါးတွေရောဂါဝင်တတ်တယ် ပုံမှန်ဆို ဒီအချိန်က ငါးထည့်ချိန်ဆိုတော့ ပိုဂရုစိုက်ရတယ် ” လို့ ဇလွန်မြို့နယ်က ငါးကန်ပိုင်ရှင်တဦးက ရှင်းပြပါတယ်။
၂၅၊ဧပြီ။
မိုးလေဝသ ဖြစ်စဉ်တွေအရ ဧရာဝတီတိုင်းမှာ လာမယ့် ဧပြီလကုန်ပိုင်မှာ ရုတ်တရက် မိုးရွာနိုင်တာကြောင့် ကွမ်းစိုက်တောင်သူတွေနဲ့ ငါးမွေးမြူရေး လုပ်ငန်းရှင်တွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
လာမယ့် ဧပြီ ၂၈ ရက်နေ့ နောက်ပိုင်း နိုင်ငံနဲ့တဝှမ်း မိုးရွာသွန်းနိုင်ချေရှိပြီး ဧရာဝတီတိုင်းမှာလည်း နေရာစိတ်စိတ် မိုးရွာသွန်းဖို့ ရှိနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက ရေးသားဖေါ်ပြနေကြပါတယ်။
အခုရက်ပိုင်းအတွင်း နေ့အပူချိန်တွေ မြင့်တက်နေပြီး ရုတ်တရက် မိုးရွာချလိုက်တဲ့အခါ ကွမ်းအပါအဝင် အလားတူ စိုက်ပျိုးသီးနှံ့တွေ ပျက်စီးနိုင်ချေ မြင့်မားပြီး ငါးမွေးမြူရေး ကန်တွေမှာလည်းရေဩဇာ အခြေအနေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တာကို စိုးရိမ်နေကြတာပါ။
“ ပူလိုက်အေးလိုက်ဖြစ်ရင် ငါးတွေ သေတတ်တယ်။ ပြီးတော့ မိုးရွာချလိုက်လို့ လိုအပ်တဲ့ ရေဩဇာနဲ့ အစာလုံလောက်မှုတွေ လျော့သွားရင် ငါးတွေရောဂါဝင်တတ်တယ် ပုံမှန်ဆို ဒီအချိန်က ငါးထည့်ချိန်ဆိုတော့ ပိုဂရုစိုက်ရတယ် ” လို့ ဇလွန်မြို့နယ်က ငါးကန်ပိုင်ရှင်တဦးက ရှင်းပြပါတယ်။
မိုးလေဝသအခြေအနေကို စောင့်ကြည့်လေ့လာပြီး ထုံးအိတ်တွေ ဝယ်ထားသင့်တယ်လို့လည်း သူက လုပ်ငန်းတူ ငါးမွေးမြူရေး လုပ်ကိုင်ကြသူတွေကို အကြံပြုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်က မိုးရွာခဲ့ပြီး ကွမ်းရွက်စိုက်ပျိုးရေး ခြံတချို့ အပင်နဲ့ အရွက်ပုတ်တာတွေ၊ ပိုးကျတာ၊ ဝါတာတွေ ဖြစ်ခဲ့ပါတယ်။ အခုလို မိုးကြိုကာလမှာ ရုတ်တရက် မိုးရွာနိုင်ခြေတွေ အတွက်ကွမ်းစိုက်တောင်သူတွေက ကြိုတင်ပြင်ဆင်နေကြရပါတယ်။
“ မိုးများလား နည်းလားပေါ်မူတည်ပြီး အပင်တွေ ရေမနာဖို့၊ အောက်ပေါင်းတွေရှင်းနေဖို့ ၊ ရေမဝပ်ဖို့၊ တချို့ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ဆေးတွေဆောင်ထားတာမျိုးတွေ လုပ်သင့်တယ် ” လို့ အမည်မဖော်လိုတဲ့ ကွမ်းအထွက်တိုးရေး ဓာတ်မြေဩဇာ ရောင်းချနေသူ တဦးက ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေအရ ဧပြီ ၂၈ ရက်ကနေ မေလ ၃ ရက်အထိ မိုးရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်းမှာတော့ အခြား တိုင်းနဲ့ ပြည်နယ်တွေထက် မိုးရေချိန် ပိုနည်းနိုင်တယ်လို့
ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။