ရေကြည်၊လေးမျက်နှာမြို့နယ် အစပ်က စက်စက်ယိုကျေးရွာမှာ တိုက်ပွဲပြင်းထန်

“ဒီနေ့ Y-12  ရော အမြောက်ရော ရဟတ်ယာဉ်ရောပါ အစုံ တနေကုန် ခုထိချနေတယ်”လို့ လေးမျက်နှာမြို့နယ်အတွင်း နေထိုင်သူတဦးက DNA ကို ဒီနေ့ညနေ ၅ နာရီခန့်မှာ ပြောပါတယ်။

၂၂၊ဧပြီ။

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် နဲ့ ဟင်္သာတခရိုင် ၊လေးမျက်နှာမြို့နယ် အစပ်မှာ ရှိတဲ့ စက်စက်ယိုကြေးရွာ ဝန်းကျင်တဝိုက်မှာ ဒီနေ့တရက်တာလုံး ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြည်နဲ့ လေးမျက်နှာမြို့နယ် အစပ်မှာ ရှိတဲ့ စက်စက်ယိုကျေးရွာဟာ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ ရှိပြီး ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့အထွက် ရေနံသာလမ်းဆုံကနေ ပုံမှန်ကားမောင်းချိန်  မိနစ် ၂၀ ဝန်းကျင် အကွာအဝေးမှာ ရှိပါတယ်။ ဧပြီ ၂၁ ရက်နေ့ မနေ့က ညနေမှာ စက်စက်ယိုကျေးရွာကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် DNA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“တချို့က သူတို့ဝင်လာတယ်ဆို ရွာသားတွေက သိမ်းလိုက်တယ် ထင်ကြတာ။ အဲဘက်မှာ တပ်ဘက်က အင်အားအများကြီးသုံးထားတယ်”လို့ ရေကြည်မြို့နယ်အတွင်း နေထိုင်တဲ့ ဒေသခံတဦးက သုံးသပ်ပါတယ်။ ဒါ့အပြင် ရေကြည်မြို့နယ် အစပ်ဖြစ်တဲ့အတွက် ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ရေကြည်သားမို့ စက်စက်ယိုဘက်ကို ပိုပြီးအလေးထားနေတယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

ဧပြီ ၂၁ ရက်နဲ့ ၂၁ ရက်လုံးမှာ စက်စက်ယိုရွာ ဝန်းကျင်မှာ ရှိတဲ့ တုန်းတော ၊ ကညင်တိုင်း ၊ ပန်းတောကြီး စတဲ့ကျေးရွာတွေကို လေယာဉ်နဲ့ မကြာခန ဗုံးကျဲတာ ၊ စက်လက်နဲ့ပစ်တာ ၊ ဗုံးကျဲတာတွေကို လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနှစ်ရက်အတွင်းမှာ မြေပြင်ထိတွေ့ တိုက်ပွဲက လက်နက်ငယ် ပစ်သံတွေထက် အမြှောက်သံ ၊ လေယဉ်နဲ့ ပစ်တဲ့အသံတွေကိုသာ ပိုကြားနေရတယ်လို့လည်း ဆိုပါတယ်။

ဧပြီလအတွင်းမှာ သင်္ကြန်ကာလ အပြီး မြန်မာနှစ်ဆန်းတရက်နေ့က စပြီး လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီဟာ အာရက္ခတပ်တော်ကို ငဝန်မြစ်ကို ဖြတ်ပြီး လေးမျက်နှာမြို့ဘက်ကို ဝင်မလာနိုင်အောင် အသည်းအသန် ကြိုးစားနေရတာကို တွေ့ရပါတယ်။ ရေနံသာလမ်းဆုံမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ထားသလို လေးမျက်နှာ ငဝန်တံတားမှာလည်း အင်အားဖြည့်တင်းထားပြီး ခရီးသွားသူတွေကို မှတ်ပုံတင် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ငဝန်မြစ်ကူး ကူးတို့လှေသမားတွေကိုလည်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။