ဆီဆုံကုန်းက ဆုတ်လာတဲ့ စစ်တပ်ဟာ ဒေါင့်ကွေး နဲ့ ခတ္တူ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲ

“ ရွာကို ဖုန်းဆက်တော့ နေ့လည်ပိုင်း ၊ ညနေပိုင်း လေယဉ်နဲ့ လာကျဲနေတယ်တဲ့ ၊ ပန်းတင်ရွာတောင် ရှောင်ခိုင်းထားပြီ”လို့ လေးမျက်နှာမှာ စစ်ရှောင်နေတဲ့ ဒေသခံတဦး DNA ကိုပြောခဲ့တာပါ။

၂၀၊ဧပြီ။

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့ ရဲ့ ငဝန်မြစ်တဖက်ကမ်း ခတ္တူရွာက ကံကုန်းဘုန်းကြီးကျောင်းနဲ့ ဒေါင့်ကွေးရွာ တက်ဆိပ်ဘုန်းကြီးကျောင်းတွေထဲမှာ စစ်ကောင်စီက တပ်စွဲထားတယ်လို့ သိရပါတယ်။

“အဲဒီရှေ့က ဖြတ်လာတော့ သူတို့ကိုလည်း ရဲရဲမကြည့်ရဲဘူး၊ ကြည့်လို့ ခေါ်ရစ်တာ ခံရမှာစိုးလို့ နှစ်နေရာပေါင်းတော့ ငါးဆယ်ကျော်မယ်”လို့ နင်းကြမ်းရွာသူတဦးက DNA ကိုပြောပါတယ်။ DNA က ဒေသတွင်း  သတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ် စုစုပေါင်း ၃ ဦးကို ဆက်သွယ် အတည်ပြုချက် ရယူခဲ့ပြီး ကံကုန်းဘုန်းကြီးကျောင်းနဲ့ တက်ဆိပ်ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်က အထိုင်ချပြီး ခံစစ်ပြင်နေတာကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

လေးမျက်နှာမြို့နဲ့ ၇ မိုင်ခန့်သာ ဝေးတဲ့ ပန်းတောကြီးရွာမှာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း တရက်နေ့က စခဲ့တဲ့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ၄ ရက်မြောက် ခဲ့ပြီဖြစ်ပြီး စစ်တပ်ဟာ ပန်းတောကြီးကနေ ဆီဆုံကုန်း ၊ နင်းကြမ်းကနေ တဆင့် လေးမျက်နှာမြို့ တဖက်ကမ်း ဒေါင့်ကွေး နဲ့ ခတ္တူရွာတွေမှာ ခံစစ်ပြင်နေတာ ဖြစ်ပါတယ်။

ပန်းတောကြီးရွာမှာတော့ ဒီနေ့ တနေကုန်နီးပါး ပစ်ခတ်သံတွေ ကြားနေရပြီး နေ့လည်ပိုင်း တကြိမ်၊ညနေမှာတကြိမ် လေယဉ်နဲ့ပါ လာပစ်တယ်လို့ လေးမျက်နှာမှာ စစ်ရှောင်နေရတဲ့ ဒေသခံ တဦးက ပြောပါတယ်။ ပန်းတောကြီးရွာ အနီးက မြို့ကုန်း ၊ မကျည်းပင်ကွင်း ၊ ဆီဆုံကုန်း စတဲ့နေရာတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“ ရွာကို ဖုန်းဆက်တော့ နေ့လည်ပိုင်း ၊ ညနေပိုင်း လေယဉ်နဲ့ လာကျဲနေတယ်တဲ့ ၊ ပန်းတင်ရွာတောင် ရှောင်ခိုင်းထားပြီ”လို့ လေးမျက်နှာမှာ စစ်ရှောင်နေတဲ့ ဒေသခံတဦး DNA ကိုပြောခဲ့တာပါ။

ပန်းတောကြီးရွာမှာတော့ ဒီနေ့ညနေပိုင်းမှာ မီးတောက်တွေ တက်နေတာ တွေ့ရပြီး ည ၇ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ထပ်လာပစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ ကုန်ပါပြီရှင် ကျွန်မတို့ အမှတ် ၃ ဘက်က အိမ်တွေလည်း မီးလောင်လို့ ကုန်ပြီ ၊ ဒီနေ့ညနေ ထပ်လောင်နေတာ အမှတ် ၄ နဲ့ ၅ ဘက်မှာလို့တော့ ပြောတယ်၊ ကျွန်မတို့လည်း လေးမျက်နှာဘက် ရှောင်နေရတာ”လို့ ပြောပါတယ်။

လေးမျက်နှာ ငဝန်တံတားမှာလည်း စစ်တပ်က မြို့အဝင်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး မှတ်ပုံတင်ပါမှ ဖြတ်သန်းခွင့်ပြုနေတယ်လို့ သိရပါတယ်။ ပုသိမ်-မုံရွာ လမ်းအတိုင်း စောပြာ၊ ငသိုင်းချောင်းဘက် အဝင် ရေနံသာဂိတ်မှာလည်း စစ်တပ်က စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ လေးမျက်နှာ ငဝန်တံတားအဆင်းက ရွှေသစ်စု ၊ ခတ္တူ၊ ဘိသလွန် ကျေးရွာတွေမှာတော့ စစ်တပ်က ရွာသုသာန်တွေကအစ ခြုံရှင်းတာ ၊ ကင်းပုန်းဝပ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက သတင်းပေးပို့ပါတယ်။