မြန်မာ့အရေးမှာ ခြယ်လှယ် စွက်ဖက်နေတဲ့ တရုတ်ရဲ့ နှစ်ဖက်ချွန် အခင်းအကျင်းများ

Foreign Affairs သတင်းဌာနတွင် ဖော်ပြထားသော
ဦးရဲမျိုးဟိန်း ရေးသားသည့်“China’s Double Game in Myanmar “ ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။

ဧပြီ ၂၀

မြန်မာ့ ပြည်တွင်းစစ်ဟာ ၄ နှစ်ကျော် ကြာမြင့်လာခဲ့ပါပြီ။ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးကတော့ အများကြီး ကွာလှမ်းနေဆဲ ဖြစ်ပါတယ်။ အဖက်ဖက်က ရှုံးနိမ့်မှုတွေ ကြုံနေခြင်းနဲ့အတူ အာဏာသိမ်း စစ်တပ်ဟာ ဒုက္ခတွင်းထဲ ကျနေပါတယ်။ နိုင်ငံ အ ကျယ်အဝန်းရဲ့ လေးပုံ သုံးပုံလောက်ကို အာဏာသိမ်း စစ်တပ်ဟာ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးထားပြီး ဖြစ်သလို တိုင်းစစ်ဌာနချုပ်ကြီး နှစ်ခု အပါအဝင် အရေးပါတဲ့ ဗျူဟာမြောက် အခြေစိုက် စခန်းတွေကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ တော်လှန်ရေး အင်အားစုတွေက ရှေ့တိုး ချီတက်လာနေတဲ့ အချိန်မှာ စစ်တပ် အတွင်းပိုင်းမှာတော့ တပ်ပြေးဦးရေ တိုးပွားလာတာ၊ စိတ်ဓာတ်ကျဆင်းတာတွေက ပျံ့နှံ့ တည်ရှိနေကြပါတယ်။ နေရာအနှံ့မှာ တော်လှန်ရေး အင်အားစုတွေက အားသာတဲ့ အနေအထားတွေ ဖန်တီးလာနိုင်ပေမယ့်လည်း စစ်တပ်ရဲ့ အမာခံ နယ်မြေတွေဖြစ်တဲ့ အလယ်ပိုင်း ပြည်မဒေသတွေဆီ ထိုးဖောက်နိုင်ဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေက နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုအဖြစ် ထူထောင်ဖို့ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက် တစ်ခုကို ဆုပ်ကိုင် ထားပြီး အဲဒီအစီအမံက စစ်တပ်ကို ဆန့်ကျင်နေတဲ့ ကွဲပြားတဲ့ အစုအဖွဲ့တွေကို စုစည်းနိုင်မယ့် အခြေအနေ တစ်ရပ်လို့ ယူဆစရာ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေး အင်အားစုတွေကြားက ချိတ် ဆက် ဆောင်ရွက်မှုတွေဟာ သိပ်ပြီး အားမကောင်းသေးသလို ထိလွယ်ရှလွယ် ရှိနေတုန်း ဖြစ်ပါတယ်။ တော်လှန်ရေး မျက်နှာစာဟာ နိုင်ငံအနှံ့မှာ ပြန့်ကြဲနေသလို ယုံကြည် စိတ်ချရတဲ့ ဆက်သွယ်နိုင်စွမ်းမျိုး၊ လူချင်း လုံလုံခြုံခြုံ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေမျိုး မရှိသေးပါဘူး။ စစ်မြေပြင်မှာ မျှော်လင့်ထားတဲ့ အောင်မြင်မှုဆီ တရွေ့ရွေ့ နီးကပ်လာနေတဲ့တိုင် တော်လှန်ရေး အင်အားစုတွေ ကြားမှာလည်း အမြင်ကွဲပြားမှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ၅၄ သန်းသော မြန်မာပြည်သူတွေဟာ ထိခိုက်နစ်နာမှုတွေနဲ့ ဆက်ပြီး ရုန်းကန်နေရပါတယ်။ မြေပြင် ထိုးစစ်တွေ ဆင်နွှဲနိုင်စွမ်း ဆုတ် ယုတ်လာတာ၊ ထိန်းချုပ်နယ်မြေတွေ လျော့နည်းလာတာတွေကို တုံ့ပြန်တဲ့ အနေနဲ့ စစ်တပ်ဟာ စစ် ရေးနဲ့ အရပ်ဖက် ပစ်မှတ်တွေကို ခွဲခြားမှုမရှိဘဲ လေ ကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာနေပါတယ်။ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေထဲမှာ လုပ်ဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား အသေအပျောက်လည်း မြင့်တက်လာပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ၁၀၀၀၀ ဝန်းကျင်လောက်ထိ တိုးလာခဲ့ပါတယ်။ လူဦးရေ ၃.၅ သန်းလောက်ဟာ ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး နိုင်ငံလူဦးရေ သုံးပုံတစ်ပုံလောက်ဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။ မြန်မာ့ စီးပွားရေးက ပြိုကျလုနီးပါး ဖြစ်နေပါ ပြီ။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေဟာ သ ဘာဝ ကပ်ဘေးတွေကြောင့် ပိုပြီး ဆိုးရွားထိခိုက် လာနေပါတယ်။ မနှစ်က စက်တင်ဘာ လကုန်ပိုင်းတုန်းက ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တစ်ခု တိုက် ခတ်ခဲ့တာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ အသေအပျောက်တွေ ကြုံတွေ့ခဲ့ပါတယ်။ အခုနှစ် မတ်လကုန်မှာတော့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူ ၃၆၀၀ ကျော် သေဆုံးပြီး အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်ခဲ့ပြန်တယ်။ အဲဒီ ငလျင်ကြီး အပြီးမှာတော့ စစ်ခင်း တိုက်ခိုက်နေတဲ့ နှစ်ဖက် အင်အားစုတွေက လူသားချင်း စာနာမှုအတွက် ယာယီ အပစ် အခတ် ရပ်စဲထားကြမယ်လို့ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ တည်မြဲမှု မရှိခဲ့ပါဘူး။ စစ်တပ် ဟာ ငလျင်ကြီး လှုပ်ခတ်အပြီး နာရီပိုင်း အကြာမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင် ထိုးစစ် တွေကို ပြန်စတင်ခဲ့ပါတယ်။ ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၆ ရက်နေ့အတွင်း စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ စုစုပေါင်း ၁၀၈ ကြိမ် လုပ်ဆောင်ခဲ့ပြီး အဲဒီထဲက ၄၆ ခုဟာ အပစ်ရပ် ကြေညာပြီးတဲ့နောက်မှာ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၀ ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။ အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် မြေပြင် အခြေအနေ အရတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေက ဆက်ပြီး ဖြစ်ပွားနေတုန်းပါပဲ။

ဒီလို အခြေအနေဆိုးတွေထဲမှာ အကျိုးအမြတ် ရနေတဲ့ တစ်ခုတည်းသော နိုင်ငံကတော့ တရုတ်ပါပဲ။ အနောက်နိုင်ငံတွေမှာတော့ မြန်မာ့ ပြည်တွင်းစစ်ကို အမေ့လျော့ခံ ပဋိပက္ခ တစ်ခုလို့ သုံးနှုန်းလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ဘေဂျင်းက ပုဂ္ဂိုလ်တွေကတော့ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ဒေသတွင်း ရည်မှန်းချက်တွေ၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေနဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေ အားလုံးရဲ့ ဆုံချက်တစ်ခုလို့ မှတ်ယူထားကြပါတယ်။ အင်အား ယုတ် လျော့လာတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ပြိုင်ဘက်မရှိ ဩဇာဖြန့်ကျက် ဗိုလ်ကျစိုးမိုးရေးဆိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။ နောက်ပြီး တရုတ်ကသာ မြန်မာကို ကြီးစိုး ထိန်းချုပ်ထားနိုင်မယ်ဆိုရင် မဟာဗျူဟာ ပြိုင်ဘက် အိန္ဒိယရဲ့ အရှေ့ဖက် ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ချင်တဲ့ ‘Act East’ မူ​ဝါဒကို ဟန့်တားထားပြီးသား ဖြစ်လာပါမယ်။ နောက်ပြီး တရုတ်နဲ့ အရှေ့တောင်အာရှကို အိန္ဒိယဖက် ထွက်ပေါက်ရရှိစေဖို့ အရမ်း အရေးကြီးတဲ့ ခြေကုပ်နေရာကိုလည်း ရယူထားနိုင်ပါလိမ့်မယ်။ လူကြားကောင်းအောင် ထုတ်ပြန်တဲ့ ကြေညာချက် တွေမှာတော့ တရုတ် အရာရှိတွေက သူတို့ဟာ မြန် မာနိုင်ငံရဲ့ တည်ငြိမ်မှုကို ပြန်လည် တည်ဆောက်ချင်ကြောင်းနဲ့ နှစ်နိုင်ငံကြားက ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ချင်ကြောင်း တဖွဖွ ပြောလေ့ရှိပါတယ်။ လက်တွေ့မှာကျတော့ တရုတ်ဟာ မီးကျိုးမောင်းပျက် မြန်မာစစ်တပ်ကို ထောက်ပံ့နေရင်း တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို တရုတ်ရဲ့ ထိန်းချုပ် အဝန်းအဝိုင်းထဲ ဆွဲသွင်းဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေနဲ့ အရမ်းနီးကပ်တယ်လို့ ယူဆထားတဲ့ ဒီမိုကရေစီ အင်အားစုတွေကိုတော့ တရုတ် က ရည်ရွယ်ချက်ရှိရှိ ဖယ်ကြဉ်ထားတာကို တွေ့နိုင် ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် စိတ်ဝင်စားမှု မရှိခြင်းက လေဟာနယ် တစ်ခုကို ဖြစ်ပေါ်စေပြီး တရုတ်က အဲဒီဟာကွက်ကို ပျော် ပျော်ရွှင်ရွှင်ကြီး ဝင်ဖြည့်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် အနောက်နိုင်ငံတွေက တုံ့ပြန်ကူညီမှု အနည်းအကျဉ်းလောက်သာ ရှိခဲ့ပေမယ့် တရုတ်ကတော့ ငလျင် ဘေးသင့် ဧရိယာတွေဆီ ကယ်ဆယ်ရေး အဖွဲ့တွေ အလုံးအရင်း စေလွှတ်ပြီး ပုံရိပ်ကောင်းကို ရယူသွားခဲ့ပါတယ်။ တကယ်တမ်းကျတော့ တရုတ်ဟာ အခက်အခဲကာလမှာ အခွင့်အရေးကို ရှာဖွေ အသုံးချသွားတာသာ ဖြစ်ပါတယ်။ အရှိတရားကို လေ့လာမယ်ဆိုရင် တရုတ်ဟာ ယိုင်နဲ့နေတဲ့ စစ်တပ်ကို ဆက်လက် ထောက်ခံရင်း လူမဆန်တဲ့ စစ်ဆင်ရေးတွေအတွက် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေကြားမှာ သွေးကွဲအောင် လုပ် ဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့ နိုင်ငံရေး ဆန္ဒကို မျက်ကွယ်ပြုပြီး အနောက်ဖက် ယိမ်းတယ်လို့ ယူဆတဲ့ တော်လှန်ရေး အင် အားစုတွေကို မျက်ကွယ်ပြုနေတာ ဖြစ်ပါတယ်။ စစ်တပ် အုပ်ချုပ်မှုအောက်မှာ ရှည်ရှည်ကြာကြာ ဆက်လက် တည်ရှိနေပြီး သွေးကွဲနေတဲ့ မြန်မာနိုင်ငံ ဆိုတာဟာ တရုတ်အတွက် ခြယ်လှယ် ထိန်းချုပ်ဖို့ အများကြီး ပိုလွယ်ကူမှာ ဖြစ်ပါတယ်။

နှစ်ဖက်ချွန် တရုတ်မြန်မာဆိုတာ တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွေထဲက တစ်ခုဆိုတဲ့ အဓိပ္ပါယ်ထက် အများကြီး ပိုပါတယ်။ တရုတ်အတွက် အထူးအ ရေးတကြီး လိုအပ်တဲ့ အိန္ဒိယ သမုဒ္ဒရာဖက် ပင်လယ်ထွက်ပေါက် ရရှိအောင် ကုန်းလမ်းကြောင်း ထွက်ပေါက်ကို မြန်မာက ထောက်ပံ့ပေးထားတာပါ။ အကျိုးဆက်ကတော့ ကျဉ်းမြောင်းပြီး ရွေးချယ်စရာနည်းတဲ့ မလက္ကာ ရေလက်ကြားကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် မှီခိုနေရတဲ့ အခြေအနေကို တရုတ်က လျှော့ချပစ်လိုက်နိုင်ပါတယ်။ အဲဒီ အခြေအနေဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ စီးပွားရေး အခြေပြု နိုင်ငံတကာ ဩဇာ ဖြန့်ကျက်ရေး မဟာဗျူဟာဖြစ်တဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း (BRI) စီမံကိန်းကြီးနဲ့လည်း ဆက်စပ် အကျုံးဝင်နေပါတယ်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ဆိုတာဟာ BRIရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်ရဲ့ ယူနန်ပြည်နယ် ကို မြန်မာနိုင်ငံရဲ့ စွမ်းအင် သယံဇာတရင်းမြစ် ကြွယ်ဝတဲ့ ဒေသတွေနဲ့ အိန္ဒိယ သမုဒ္ဒရာထိ ဆက်သွယ်ပေးထားပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံမှာ တရုတ်က အင်မတန် မက်မောတဲ့ အရင်းအမြစ်တွေ ရှိနေပါတယ်။ အဲဒီထဲမှာ ဓာတ်သတ္တု ပစ္စည်းတွေ၊ သဘာဝ ဓာတ်ငွေ့၊ ရေအားလျှပ်စစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်း နေရာတွေ ပါဝင်ပါတယ်။ နောက်ပြီး တရုတ်ရဲ့ မြေရှားသတ္တု အကြီးစား အစိုင်အခဲတွေ တင်သွင်းမှု စုစုပေါင်း ပမာဏရဲ့ ထက်ဝက်လောက်ကို မြန်မာနိုင်ငံဆီကနေ ရရှိနေတာပါ။ အဲဒီ သတ္တုတွေဟာ နည်းပညာမြင့် ပစ္စည်းကိရိယာတွေ၊ စစ်လက်နက်နဲ့ ကာကွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ တရုတ်ဟာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နှစ်ရှည်လများ လက်တွဲထားပြီး အဲဒီ သတ္တုတွေကို အလုံးအရင်း ထုတ်ယူနေခဲ့ပါတယ်။ မြေရှား သတ္တု ထုတ်လုပ်မှုတွေမှာ ဒေသခံတွေရဲ့ လူမှုဘဝနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ အကျိုးဆက်တွေကိုတော့ တရုတ်က စာနာစဉ်းစားတာမျိုး မရှိခဲ့ပါဘူး။ ၂၀၂၄ ခုနှစ်တုန်းက မြန်မာဖက်ကနေ မြေရှားသတ္တု အနွယ်ဝင် သတ္တုအောက်ဆိုက် တန်ချိန် ၅၀၀၀၀ လောက် ပေးပို့ခဲ့ပါတယ်။ ဒါဟာ တရုတ်က ပြည်တွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်တာထက် ပိုများတဲ့ ပမာဏ ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး တရုတ်က ဝယ်ယူတင်သွင်းတဲ့ သံဖြူသတ္တုရိုင်း စုစုပေါင်းရဲ့ ၇၉.၉ ရာခိုင်နှုန်းကို မြန်မာနိုင် ငံမှာ ထုတ်လုပ်တာပါ။ အဲဒီ သတ္တုတွေဟာလည်း ဆီမီကွန်ဒက်တာတွေနဲ့ တခြားသော အရေးကြီးတဲ့ နည်းပညာ ပစ္စည်းတွေ ထုတ်လုပ်မှုမှာ အထူးတလည် လိုအပ်ပါတယ်။

နောက်ပြီး မြန်မာဟာ တရုတ်အတွက်တော့ လုံခြုံရေး ရှုူထောင့်က ကြည့်ရင်လည်း အရေးပါနေပြန်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံမှာ တခြားပြည်ပနိုင်ငံတွေ၊ အထူးသဖြင့် အနောက်မဟာမိတ်တွေ ခြေကုပ်ယူလာပြီး တရုတ်ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ် ထိပါးလာမှာ မလိုလားပါဘူး။ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ အစိုးရတစ်ရပ်၊ ဒါမှမဟုတ် နိုင်ငံရေး အစုအဖွဲ့တစ်ခု အားကောင်းလာမှာကို တရုတ်က အစဉ်သဖြင့် လိပ်ပြာလန့်နေပါတယ်။ အဲဒီ အခြေအနေဟာ တရုတ်နဲ့ နယ်စပ်နားမှာ အနောက်နိုင်ငံတွေ ကာလရှည်ကြာ နေရာယူလာနိုင်အောင် တံခါးတစ်ချပ် ဖွင့်ပေးလိုက်သလို ဖြစ်လာမှာကို တရုတ်က စိုးရိမ်ပါတယ်။ ဒီအခြေအနေဟာ တရုတ်အတွက် ရေရှည် လုံခြုံရေး ခြိမ်းခြောက်မှုမျိုးလည်း ဖြစ်နေပါတယ်။ မြန်မာ့ ပြည်တွင်းစစ်ကို တရုတ်ရဲ့ ချဉ်းကပ်မှု သဘောထားကို ပုံဖော်ရာမှာ အဲဒီ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကလည်း အဓိက အကြောင်းရင်း တစ်ခုပါ။ ပြည်တွင်း ပဋိပက္ခကို အကြောင်းပြုပြီး မြန်မာ့ ပြည်တွင်းရေးမှာ အနောက်နိုင်ငံတွေ စွက်ဖက်လာမလား ဆိုတာကို တရုတ် က သောကများနေပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မြန်မာ့ ပြည်တွင်း ပဋိပက္ခမှာ ပြည်ပ အင်အားစုတွေက ခြယ်လှယ်တာမျိုး မလုပ်နိုင်အောင် တားဆီးရေးဟာ သူ့ရဲ့ အဓိက ရည်မှန်းချက် တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူက မြန်မာဆိုတာ တရုတ်ရဲ့ အထူးမူပိုင် လွှမ်းမိုးချုပ်ကိုင်မှု စက်ကွင်းထဲမှာ ကျရောက် ပါဝင်နေတယ်လို့ ယူဆပုံ ပေါ်ပါတယ်။ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ အဓိက အာဘော် ဝါဒဖြန့် ယန္တရားဖြစ်တဲ့ People’s Daily သတင်းစာက ၂၀၁၂ ခုနှစ် Global Times သတင်းစာပါ အတွေးအမြင် ဆောင်းပါးတစ်ခုကို ပြန်လည် ထုတ်နုတ်ပြီး မြန်မာနဲ့ ပတ်သက်လို့ အလေးထားရမယ့် အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။ အဲဒီ ဆောင်းပါးထဲမှာတော့ မြန်မာနိုင်ငံထဲက အရေးပါတဲ့ နေရာတချို့ကို ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ်တို့ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ်နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ဥပမာ တရုတ် ရဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတဲ့ ရခိုင်ပြည် နယ်၊ ကျောက်ဖြူမြို့နဲ့ အနီးတဝိုက် ဒေသတွေရဲ့ အရေးပါမှုဟာ တရုတ်နဲ့ ဖိလစ်ပိုင်ကြားက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဟွမ်ယန်ကျွန်းရဲ့ အနေအထားထက် မလျော့ဘူးလို့ ဆိုထားပါတယ်။

နောက်ပြီးတော့ တရုတ်ဟာ မြန်မာနိုင်ငံက ဖြစ်ပျက်ပြောင်းလဲမှု အခြေအနေတွေ၊ အနည်းဆုံးတော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အများကြီး အာရုံစိုက်ခဲ့ပါတယ်။ ပြီးတော့ CMEC ဖြတ်သန်းသွားတဲ့ နေရာတွေမှာ တိုက်ပွဲတွေ အရမ်းပြင်းထန်တဲ့ ပဋိပက္ခ ဇုန်တွေလည်း ပါဝင်နေပါတယ်။ ဒါတင် မက သေးဘဲ အာဏာသိမ်းမှု နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို အများကြီး ပြဿနာ ကြုံစေခဲ့ပါတယ်။ တစ်ဖက်မှာလည်း အခွင့်အရေးကောင်း တစ်ခုက ထွက်ပေါ်လာခဲ့ပြီး တရုတ်ဟာ စစ်တပ်အပေါ် ပိုပြီး ဩဇာလွှမ်းမိုးလာနိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အစောပိုင်း ကာလတွေမှာ တရုတ်က မြန်မာ့ အစိုးရအတွင်းပိုင်း နေရာအပြောင်းအလဲတွေ ပေါ်ပေါက်ခဲ့တာသာ ဖြစ်တယ်လို့ ပြောခဲ့သလို နိုင်ငံအများစုက ရွံရှာစိတ်နဲ့ ဖယ်ခွာသွားတဲ့ စစ်တပ်ကို သံတမန်ရေးအရ ဆက်ပြီး ထိတွေ့ ဆက်ဆံနေခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ဟာ စစ်တပ် တစ်ဖက်တည်းကိုပဲ ယိမ်းနေတာ မဟုတ်ဘဲ နှစ်ဖက်ခွပြီး ကစားနေတာပါ။ တရုတ်က ထိတွေ့ ဆက်ဆံနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေတွေအတွင်း ထိန်းချုပ် နယ်မြေတွေကို ပိုမို ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ တရုတ်ဟာ အဲဒီ အစုအဖွဲ့တွေကို စစ်လက်နက် အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်သလို အဓိက ကုန်သွယ်ဖက် နိုင်ငံအနေနဲ့လည်း ရပ်တည်နေပြန်တယ်။ တစ်နည်းအားဖြင့် အခုလို နှစ်ဖက်ချွန် ဆက်ဆံရေး မူဝါဒကို သုံးပြီး တရုတ်ဟာ မြန်မာ့ ပြည်တွင်းရေး အကွဲအပြဲမှာ အဓိကကျတဲ့ အင်အားစု အားလုံးကို ဩဇာ ဖြန့်ကျက်ထားဟန် ရှိပြီး စစ်တပ်သာ ပြိုလဲသွားမယ်ဆိုရင် တရုတ်အတွက် ခုသာခံသာ ရှိအောင် ခြံစည်းရိုး ခွထိုင်ထားတာလည်း ဖြစ်ပါတယ်။

တရုတ်ဟာ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အပေါ်မှာတော့ အမြဲတမ်း သံသယ ကြီးကြီးမားမား ရှိပါတယ်။ တရုတ်က အမြင်မကြည်တဲ့ထဲမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ရွေးကောက်ခံ လွှတ် တော်အမတ်တွေ ဦးဆောင် ထူထောင်ခဲ့တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)လည်း ပါဝင်ပါတယ်။ အနောက်နိုင်ငံတွေဟာ NUGကို လက်တွေ့ ထောက်ပံ့မှု အင်မတန် နည်းပေမယ့် တရုတ်ကတော့ NUGဟာ အနောက်ကမ္ဘာနဲ့ အရမ်းနီးစပ်မှု ရှိတယ်လို့ ယူဆနေပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ NUG က ရုံးဖွင့်ခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အမေရိကန် လွှတ်တော်က ဘားမား အက်ဥပဒေကို အတည်ပြုပေးလိုက်တဲ့ အချိန်မှာတော့ တရုတ်ရဲ့ ယုံမှား သံသယတွေက ပိုပြီး ကြီးထွားလာပါတော့တယ်။ အဲဒီ ဥပဒေဟာ တော်လှန်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေကို ကတိပြုခဲ့ပေမယ့် လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့တော့ ပျက်ကွက်ခဲ့ပါတယ်။ တရုတ်ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို NUGနဲ့ အဆက် အသွယ်ဖြတ်ဖို့၊ အာဏာသိမ်း စစ်တပ်နဲ့ပဲ ညှိနှိုင်းဆွေးနွေးဖို့ ဖိအားပေးလေ့ ရှိတယ်။ လိုရမယ်ရ သဘောအဖြစ် တရုတ်ဟာ NUGနဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ဆက်သွယ်တာမျိုးတွေတော့ ရှိခဲ့ပါတယ်။ အဲဒါကလည်း တရုတ်ရဲ့ စီးပွားရေး အဆောက်အအုံတွေကို ကာကွယ်ဖို့သာ ဖြစ်ပြီး NUGနဲ့ ဆွေးနွေးမှုတွေကို ဖုံးဖုံးဖိဖိ လုပ်ထားသလို အရမ်း အရာထားပြီး ဆက်ဆံတာမျိုးလည်း မဟုတ်ခဲ့ပါဘူး။ စစ်တပ်က ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးလာချိန်မှာတော့ တရုတ် ကုမ္ပဏီ တချို့ဟာ NUGနဲ့ အဆက်အသွယ်ရှိတဲ့၊ လက်တွဲထားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ၊ လက်နက်ကိုင် အင်အားစုတွေကို အခွန်အခပေးပြီး လုပ်ငန်း ဆက်လက် လည်ပတ်စေတာမျိုးတွေ ရှိခဲ့ပါတယ်။

အခွင့်ကောင်းကို အသုံးချခြင်းပြီးခဲ့တဲ့ နှစ်တွေမှာတော့ တရုတ်ဟာ ပဋိပက္ခမီးတွေ တောက်လောင်နေတဲ့ မြန်မာနိုင်ငံမှာ နှစ်ဖက်ချွန် ဆက်ဆံရေး မဟာဗျူဟာကို သုံးပြီး အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်နိုင်ခဲ့သလို မြန်မာ့နိုင်ငံရေးမှာ စွက်ဖက် လွှမ်းမိုးနိုင်စွမ်းကိုတောင် ပိုမို ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ တရုတ် ဩဇာခံ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပြင် NUG ရဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေပါ ပူးပေါင်းပြီး ထုထည် ပမာဏ ကြီးမားတဲ့ အချိန်ကိုက် စစ်ဆင်ရေးကြီး တစ်ခုကို ဆင်နွှဲခဲ့ပါတော့တယ်။ အဲဒါကတော့ အားလုံး သိထားကြပြီးဖြစ်တဲ့ Opeation 1027ပါပဲ။ အဲဒီထိုးစစ်ကြီး စတင်ခဲ့တဲ့ နှစ်ကစလို့ တော်လှန်ရေး တပ်တွေဟာ စစ်တပ်ရဲ့ တိုင်းဒေသကြီး ဌာနချုပ် ၂ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနကြီး ၆ ခု၊ တပ်ရင်းစခန်းပေါင်း ၁၆၀ ကျော်နဲ့ မြို့ပေါင်း ၉၃ ခုလောက်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ တစ်ချိန်ကတော့ မြန်မာနိုင်ငံမှာ ထိပါးဖြိုလှဲပစ်လို့ မရနိုင်လောက်တဲ့ အဖွဲ့အစည်းအဖြစ် မှတ်ယူခံခဲ့ရတဲ့ စစ်တပ်ဟာ အခုအခါမှာ ဘုန်းဘုန်းလဲ ပြိုကျလုနီးပါး အနေအထားကို ရောက်နေပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာတော့ စစ်တပ်ရဲ့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ ကျသွားပါတယ်။ အဲဒီကိစ္စဟာ ဘေဂျင်းက ပုဂ္ဂိုလ်တွေကို ထိတ်ထိတ်ပြာပြာ ဖြစ်သွားစေပါတယ်။ တရုတ်ဟာ ကိုယ်တိုင်က ထောက်ပံ့ပေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက ခြေလွန်လက်လွန်တွေ လုပ်လာနေပြီလို့ ခံစားလာရဟန် ရှိပါတယ်။ အဲဒီနောက်မှာတော့ တရုတ်ဟာ ခြံစည်းရိုး ခွထိုင်တဲ့ ဗျူဟာကို မေ့ထားပြီး အာဏာသိမ်း စစ်တပ်ဖက်ကနေ ပေါ်ပေါ်ထင်ထင် သည်းကြီးမည်းကြီး ကူညီလာပါတော့တယ်။ အဲဒီ အရွေ့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်မှာ တွေ့မြင်နိုင်ပါတယ်။ တရုတ်ဟာ ဘယ်ဖက်က လိုက်မလဲ ဆိုတာကို ထင်ထင်ရှားရှား အချက်ပြလိုက် တာပါပဲ။ သိပ်မကြာခင်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ပထမဆုံး တရုတ် ခရီးစဉ်အဖြစ် ကူမင်းမြို့ကို သွားရောက်ခွင့် ရခဲ့ပါတယ်။

တပြိုင်တည်းမှာပဲ တရုတ်ဟာ တရုတ်ဟာ မြန်မာနဲ့ နယ်စပ်တလျှောက်မှာ လှုပ်ရှားနေပြီး တရုတ်ကိုယ်တိုင် ထောက်ပံ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို စစ်ဆင်ရေးတွေ ရပ်တန့်ထားဖို့ ဖိ အားပေးလာပါတော့တယ်။ အဲဒီ တားမြစ်မှုကို မလိုက်နာတဲ့ အစုအဖွဲ့တွေကိုတော့ တင်းကျပ်တဲ့ နည်းတွေနဲ့ တရုတ်က အကျပ်ကိုင်ပါတယ်။ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာမျိုး၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ သောက်ရေ၊ အင်တာနက်နဲ့ တခြား လူသုံးကုန်တွေ နယ်စပ်ဖြတ်ကျော် ပေးပို့တာနဲ့ ထောက်ပံ့တာတွေကို ရပ်တန့်တာမျိုးတွေ လုပ်ခဲ့ပါတယ်။ ရုပ်ပျက်ဆင်းပျက် အနိုင်ဆုံး လုပ်ရပ်တစ်ခုကတော့ ၂၀၂၄ နှောင်းပိုင်းမှာ တရုတ်ဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကို ဓားစာခံ သဘောမျိုး ဖမ်းဆီးထိန်းသိမ်းပြီး MNDAAကို စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းဖို့၊ လားရှိုးမြို့ထဲကနေ ဆုတ်ခွာဖို့ ဖိအားပေးလာခြင်းပါပဲ။ MNDAA ခေါင်းဆောင် ထိန်းသိမ်းခံထားရတဲ့ သတင်းကို ပြည်တွင်း မီဒီယာတွေကလည်း ဖော်ပြခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ငြိမ်းချမ်းရေးပွဲစား၊ တည်ငြိမ် အေးချမ်းရေးကို လိုလားသူအဖြစ် ပုံဖော်နေတဲ့ တရုတ်ဟာ Operation 1027 နောက်ပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား စေ့စပ်ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်အောင် အကြိမ်တချို့ ကြားဝင် ညှိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပျက်ခဲ့ပါတယ်။ အကြောင်းကတော့ စစ်တပ်က ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လိုချင်ပြီး တိုင်းရင်းသားတပ် တွေကလည်း အရင်းအနှီး ကြီးကြီးမားမားနဲ့ ခက်ခက်ခဲခဲ တိုက်ခိုက် ရယူထားခဲ့ရတဲ့ အောင်ပွဲရလဒ် တွေကို လက်လွှတ်မခံချင်လို့ပါ။ အဲဒီအတောအတွင်းမှာ တရုတ်ဟာ နှစ်ဖက်စလုံးက အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံဖော်ရာမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရအောင် ဖိအားပေးရင်း မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်မှု ချဲ့ထွင်ခဲ့ပြန်ပါတယ်။ တရုတ်ဟာ စစ်တပ်ကို နိုင်ငံတကာ အသိုက်အဝန်းကြားမှာ သံတမန်ရေးအရ အကာအကွယ် ပေးခဲ့သလို လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေး နည်းပညာတွေနဲ့ အသက်ဆက်နိုင်မယ့် ဘဏ္ဍာရေး အရင်းအမြစ်တွေ ပံ့ပိုးပြီး ကူညီပေးခဲ့ပါတယ်။ နောက်ပြီး တော်လှန်ရေး အင်အားစုတွေကြားမှာ သွေးခွဲဖို့ကိုလည်း အင်တိုက်အားတိုက် ကြိုးစားရင်း တရုတ်ဖက်ယိမ်းတဲ့၊ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို NUGနဲ့ အနောက်နိုင်ငံတွေကို လိုလားတယ်လို့ ယူဆတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ လိုက်ပြီး တားမြစ်နေခဲ့ပါတယ်။ အဲဒီ စွက်ဖက်မှုတွေပဲ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကို မီးစာဖြည့်ပေးနေပြီး စစ်ပွဲကို ပိုမို ရှည်ကြာစေပါတယ်။ ဒီလို အခြေအနေမျိုးတွေကြောင့်ပဲ တချို့သော တော်လှန်ရေး အင်အားစုတွေဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့ လိုလားကြောင်း လူသိရှင်ကြား အသိပေး ထုတ်ပြန်တာတွေ လုပ်လာခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ တရုတ်ရဲ့ အမျက်ဒေါသကို ရှောင်ဖို့အတွက် တချို့သော ထိုးစစ်အစီအမံတွေကို ရပ်ဆိုင်းထားလိုက်ရတဲ့ ကိစ္စတွေထိ ရှိခဲ့ပါတယ်။

မတ်လတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကလည်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဩဇာ ဖြန့်ကျက်မှုကို ချဲ့ထွင်နိုင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ တရုတ် ကြုံတွေ့နေတဲ့ စိန်ခေါ်မှု တစ်ခုကို တုံ့ပြန်ဖြေရှင်းနိုင်မယ့် အခြေအနေမျိုး ရလာပါတယ်။ အဲဒီ စိန်ခေါ်မှုကတော့ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ တရုတ် ဆန့်ကျင်ရေး သဘောထားတွေပါပဲ။ လူသားချင်း စာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်ပြီး အခက်ကြုံနေတဲ့ မြန်မာနိုင်ငံဆီ အနောက်နိုင်ငံတွေက အကန့်အသတ်နဲ့ ထောက်ပံ့နေချိန် တရုတ်က ပီပီပြင်ပြင် ဝင်ရောက်ပြီး အကူအညီတွေ ပေးခဲ့ပါတယ်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိရောက်တဲ့ အကာအကွယ် မပေးနိုင်လောက်တော့ဘူးဆိုတဲ့ အကြောင်းပြချက်အောက်မှာ တရုတ်ဟာ နှစ်နိုင်ငံ ဖက်စပ် ထူထောင်ထားတဲ့ လုံခြုံရေး ကုမ္ပဏီတွေ ထူထောင်ခွင့်ပြုဖို့ စစ်တပ်ကို ဖိအားပေးခဲ့ပါတယ်။ အခုတော့ အဲဒီ တရုတ်ရဲ့ ပုဂ္ဂလိက လုံခြုံရေး အေးဂျင့်တွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်းက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ နိုင်ငံအရှေ့ပိုင်း၊ တရုတ်နဲ့ နယ်စပ်နားက မူဆယ်မြို့တွေမှာ စတင်ဖြန့်ကျက်ထားပြီ ဖြစ်ပါတယ်။ အဲဒီ လုံခြုံရေး အော်ပရေးရှင်းတွေကို တရုတ် အစိုးရ လက်အောက်ခံ လုံခြုံရေး ကုမ္ပဏီတွေက တာဝန်ယူပြီး မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ တရုတ်ရဲ့ ပထမဆုံး လက်နက်ကိုင် ဖြန့်ကျက်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ် လက်နက်ကိုင်တွေ ထားရှိမှုက ရေရှည်မှာ ဘယ်လို ဖြစ်လာစေမလဲ ဆိုတာကို မသိနိုင်သေးပေမယ့် မြန်မာ့ ပြည်တွင်း အကျပ်အတည်းတွေနဲ့ နယ်စပ်လုံခြုံရေး အခင်းအကျင်းတွေမှာတော့ သိသာတဲ့ အပြောင်းအလဲတွေကို ပေါ်ပေါက် လာစေမှာ သေချာပါတယ်။

ရှင်းရှင်းပြောရရင်တော့ တရုတ်ရဲ့ ပါဝင်လာမှုဟာ မြန်မာနိုင်ငံရဲ့ အနိဋ္ဌာရုံလွှမ်းတဲ့ စစ်ပွဲကို ပိုပြီး ရှည်ကြာလာစေပါလိမ့်မယ်။ တရုတ်က မြှောက်ပေးနေလို့ ပိုပြီး အတင့်ရဲလာတဲ့ စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ် နယ်မြေတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာသလို အရပ်သားတွေကိုပါ ချမ်းသာမပေးဘဲ ရန်မူလာပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ဆုံးရှုံးပြီးသား နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ဖို့ မြေပြင်ထိုးစစ်တွေ ဆင်နွှဲနိုင်စွမ်း မရှိတော့ပါဘူး။ အဲဒီအတွက် စစ်တပ်ရဲ့ ဦးစားပေး ရည်ရွယ်ချက်ဟာ တော်လှန်ရေး အင်အားစုတွေ အသစ် သိမ်းယူပြီးစ နယ်မြေတွေထဲမှာ အခြေခိုင်ခိုင် ထိန်းချုပ်နိုင်စွမ်း မရှိအောင် ဟန့်တားဖို့ပဲ ဖြစ်လာပါတယ်။ ငလျင် ကြီးအပြီး ကြီးမားကျယ်ပြန့်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေချိန်မှာတောင် စစ်တပ်ဟာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေထက် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီး ဦးစားပေးခဲ့ပါတယ်။ စစ်တပ်ရဲ့ အဲဒီ လုပ်ရပ်တွေကို အားပေးအားမြှောက် သဘောနဲ့ တရုတ်ဟာ နောက်ထပ် လေယာဉ် အသစ်တွေ၊ ဒရုန်းတွေကိုတောင် အားဖြည့် ပို့ဆောင်ပေးနေပါသေးတယ်။

စစ်တပ်ပြိုကျပြီးရင် အစားထိုးနိုင်မယ့် နိုင်ငံရေး ညီညွတ်မှုမျိုး မရှိသေးတဲ့တိုင် တော်လှန်ရေး အင်အားစုတွေကတော့ စစ်မြေပြင်မှာ ရှေ့ကို တိုးသထက် ဆက်တိုးနေကြဆဲပါ။ အခုဆိုရင် တော်လှန်ရေး တပ်တွေဟာ နိုင်ငံအနှံ့မှာ မြို့ပြ စစ်ဆင်ရေးတွေ အဆင့်ထိ ချဲ့ထွင်ဖို့ ကြိုးစားနေပြီး ပြည်မက အဓိက မြို့ကြီးတွေထိ ဦးတည်နိုင်ဖို့ ရည်ရွယ်နေကြပါတယ်။ နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်နဲ့ မြို့တော် နေပြည်တော်တို့ကို စစ်တပ်က ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားသ၍ တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်ဟာ စစ်တပ်ကို အင်အားယုတ်လျော့သွားရုံသာ တတ်နိုင်ပြီး ပွဲသိမ်း ထိုးနှက်ချက် အဆင့်ထိတော့ မရောက်နိုင်ပါဘူး။ တစ်ဖက်မှာလည်း တော်လှန်ရေးဖက်မှာ အားကောင်းတဲ့ စုဖွဲ့ညီညွတ်မှုမျိုး မရှိသ၍ စစ်တပ်က ဒယိမ်းဒိုင်နဲ့ ရှေ့ဆက်နေနိုင်ဦးမှာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာအပေါ် စိတ်ဝင်စားမှု လျော့ပါးနေချိန်မှာ တရုတ်ကတော့ အိမ်နီးချင်း နိုင်ငံရဲ့ အရှုပ်အထွေးတွေ၊ နိုင်ငံရေးအရ အစိတ်စိတ် ကွဲပြားနေမှုတွေအပေါ် မဟာဗျူဟာမြောက် အခွင့်ကောင်းယူ အမြတ်ထုတ်နေဦးမှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အခုဆိုရင် မြန်မာ့ ပြည်တွင်း ပဋိပက္ခမှာ ကွဲပြားတဲ့ အစုအဖွဲ့ အသီးသီးရဲ့ အရေးပါတဲ့ အင်အားစုတွေကို ဩဇာဖြန့်ကျက်ထားနိုင်ပြီး အနောက်နိုင်ငံတွေကို လိုလားတဲ့ အစုအဖွဲ့တွေကိုတော့ စနစ်တကျ ဖယ်ထုတ်ထားပါတယ်။ ဒါတင် မကသေးဘဲ တရုတ်ဟာ နောက်ထပ် လက်ဆုပ်လက်ကိုင် တိတိကျကျ ပြလို့မရတဲ့ သွယ်ဝိုက် ကောင်းကျိုးတွေလည်း ရထားပြန်ပါတယ်။ ဥပမာ ပြောရရင် မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေရှားသတ္တုတွေလို သယံဇာတ ရင်းမြစ်တွေကို ဆက်ပြီး ရယူနေနိုင်တာ၊ မြန်မာ့မြေပေါ်မှာ လက်နက်ကိုင်တပ်တွေ ဖြန့်ကျက်ခွင့် ရလာတာမျိုးတွေ ဖြစ်ပါတယ်။ အဲဒီ အရွေ့တွေက တရုတ်အတွက် စီးပွားရေးအရ အခွင့်ထူး အခြေအနေမျိုး ပိုင်ဆိုင်စေရုံသာ မကဘဲ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် အိမ်နီးချင်း နိုင်ငံအပေါ်မှာ နိုင်ငံရေးအရ ဩဇာ တည်ဆောက်မှုကို တိုးမြှင့်ခွင့် ရစေခဲ့ပါတယ်။ တရုတ်ဟာ ကိုယ်ပိုင် ရည်မှန်းချက်တွေအတွက် ပိုပြီးခြေကုပ်မြဲတဲ့ ဒေသတွင်း ဗဟိုချက် တစ်ခုကို ရရှိလာနေပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ဩဇာ ချဲ့ထွင်နေတာဟာ ဘေဂျင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပိုပြီး အတိုင်းအတာ ကြီးမားတဲ့ အစီအမံဖြစ်တဲ့ ဒေသတွင်း ဗိုလ်ကျစိုးမိုးရေး ရည်မှန်းချက်နဲ့ သီးခြားဖြစ်နေတာ မဟုတ်ဘဲ တစ်သားတည်း ယှဉ်လျက် ရှိနေတာပါ။ အနောက်နိုင်ငံတွေနဲ့ ဒေသတွင်းက အင်အားကြီး နိုင်ငံတွေ အတွက်တော့ ဒီအခြေအနေဟာ စိုးရိမ်သင့်တဲ့ အနေအထားပါပဲ။ အခြေအနေကို မင်းစင်ကြည့်ကမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးက မလုံလောက်တော့ပါဘူး။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေ မြန်မြန်ဆန်ဆန် ချဲ့ထွင်နေတာတွေကို ထိန်းချုပ်ဖို့ အစီအမံတွေကို စတင်ကြရတော့မှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ မလိုလားခြင်းများ မြန်မာ့ ပြည်တွင်း ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဆိုတာက အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ စစ်တပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ ဖြစ်နေတယ် ဆိုဦးတော့၊ လက်ရှိ ဖြစ်ပွားနေဆဲ စစ်ပွဲနဲ့ ငလျင်နောက်ဆက်တွဲ အခြေအနေတွေကြောင့် စစ်တပ်ဟာ အတုအယောင် အဆင့်လောက် ရွေးကောက်ပွဲမျိုး ကျင်းပဖို့တောင် ကန့်သတ်ချက်တွေ အရမ်းကြီးမားနေပါပြီ။ ၂၀၂၂ မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားခဲ့ရာကနေ တစ်နိုင်ငံလုံးမှာ စစ်ရေး ပဋိပက္ခမီးတွေ တောက်လောင်လာတဲ့နောက် စစ်တပ်ဟာ ဒီကိစ္စကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါတယ်။ တော်လှန်ရေး အင်အားစုတွေရော၊ လူထုကပါ စစ်တပ်က ကြီးမှူးတဲ့ ရွေးကောက်ပွဲမျိုးရဲ့ တရားဝင်မှုကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒီတော့ လက်ရှိ အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ကိစ္စဟာ ပဋိပက္ခကို ပိုပြီး မီးစာဖြည့်ပေးတဲ့ သဘောသာ ဖြစ်သလို နိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ဆိုးသထက် ဆိုးသွားစေဦးမှာပါ။

အာဆီယံ၊ တရုတ်၊ အိန္ဒိယတို့လို ပြင်ပ အင်အားစုတွေက မြန်မာ့ ပြည်တွင်း ပဋိပက္ခကို စေ့စပ်ညှိနှိုင်းမှု နည်းလမ်းနဲ့ အဖြေရှာဖို့ တတွတ်တွတ် ပြောနေပေမယ့် ဘယ်လို သဘောတူညီမှုတွေအောက်မှာ ဆွေးနွေးကြမလဲ ဆိုတာကိုတော့ လမ်းကြောင်းပြမပေးနိုင်ပါဘူး။ ပြီးတော့ အဲဒီကိစ္စ လက်တွေ့ ဖြစ်လာဖို့ အဓိက အကြောင်းတရား နှစ်ရပ်လည်း ရှိနေပြန်ပါတယ်။ ပထမ တစ်ခုက စစ်တပ်ရဲ့ အင်အား ဆုတ်ယုတ်မှုတွေကို မြင်နေရတဲ့နောက် တော်လှန်ရေး အင်အားစုတွေနဲ့ လူထုက ဒါဟာ နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ရှားမောင်းထုတ်ဖို့ သမိုင်းဝင် အခွင့်အလမ်း တစ်ခုအဖြစ် ယူဆနေခြင်းပါ။ ပြည်သူတွေ နစ်နာ ဆုံးရှုံးရမှုတွေမှာ စစ်တပ်ဟာ အဓိက အကျဆုံး တာဝန်ရှိတဲ့ အာဏာပိုင် အစုအဖွဲ့ ဖြစ်ခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ စစ်ဗိုလ်ချုပ်တွေဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကို ဘယ်သောအခါကမှ မလုပ်ခဲ့ခြင်းပါပဲ။ သူတို့ရဲ့ အာဏာ ဆုပ်ကိုင်နိုင်စွမ်းကို နည်းနည်းလေး ထိပါးနိုင်တယ်ဆိုတဲ့ ကိစ္စမျိုးကတောင် သူတို့အတွက်တော့ သည်းမခံနိုင်စရာ ဖြစ်နေပါတယ်။ အဲဒီအစား စစ်ဗိုလ်ချုပ်တွေဟာ အတိုက်အခံတွေက အလျှော့ပေး လိုက်လျောဖို့၊ စစ်တပ် ကြီးစိုးမှုကို အာမခံနိုင်တဲ့ မူဘောင်ထဲကနေ အလုပ်လုပ်ကြဖို့ တစ်ဖက်သတ် လိုလားချက်တွေကို ကိုယ်တိုင်သတ်မှတ်တတ်ကြပါတယ်။ ငလျင်ကြီး အပြီးမှာတောင် စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို လေကြောင်းတိုက်ခိုက်မှုတွေကို ဦးစားပေးအဆင့် ဆက်ပြီး လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ငလျင်ကို အကြောင်းပြပြီး နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြှင့်တင်ရာမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ရရှိရေးကို စစ်တပ်က နိုင်ငံတကာ တရားဝင် အသိအမှတ်ပြုမှု ရရှိရေးအတွက်ပဲ ဦးတည်ခဲ့ပါတယ်။ အဲဒီ အ​တောအတွင်း အတိအကျ ရေတွက်ဖို့ ခက်လောက်အောင် များပြားတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေဟာ အပျက်အစီးပုံအောက်မှာ ထိရောက်တဲ့ ဘာကူညီကယ်ဆယ်မှုမျိုးမှ မရနိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။ နောက်ပြီး တရုတ်နဲ့ ရုရှားတို့ရဲ့ ကျောထောက်နောက်ခံ ပေးမှုနဲ့ ပိုအတင့်ရဲနေတဲ့ စစ်တပ်ဟာ စစ်မှန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ထွေးပွေ့ဖို့ဆိုတာ ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်။

ဒီတော့ စစ်တပ်က စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေကို စတင် လက်ခံလာဖို့ ဆိုတာဟာ ကိုယ်တိုင် တခြားရွေးစရာ မရှိတော့တဲ့ အခြေအနေထိ ရောက်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ အဲဒီ အနေအထားဆီ ဦးတည်ဖို့ဆိုရင် တော်လှန်ရေး အင်အားစုတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးအရ သွေးစည်းမှုတွေ လိုအပ်ပါတယ်။ အဲဒါမှသာ စစ်ရေးချိန်ခွင်လျှာကို ထိထိရောက်ရောက် ပြောင်းလဲပစ်ပြီး ပြည်မက မြို့ကြီးတွေကို ကြီးစိုးထားဆဲ စစ်တပ်ကို ခြိမ်းခြောက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေ ဖြစ်လာမှာကို တရုတ်ကလည်း လိုလားမယ့်ပုံ မပေါ်ပါဘူး။ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့၊ ဖက်ဒရယ် ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံ ပေါ်ထွန်းလာဖို့ လိုအပ်တဲ့ တော်လှန်ရေး အင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ချိုးနှိမ်ဖို့ တရုတ်ကလည်း ရနိုင်သမျှ နည်းတွေနဲ့ ဆက်ပြီး ကြိုးစားနေပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ တည်ငြိမ် အေးချမ်းမှု ရှိမရှိ ဆိုတာကို တရုတ်က စိတ်မဝင်စားပါဘူး။ အရေးကြီးတာက မဟာဗျူဟာ ရှုထောင့်ကနေ လွှမ်းမိုးထားဖို့ပဲ ဖြစ်ပါတယ်။ မြန်မာ့ တော်လှန်ရေး အင်အားစုတွေ အချင်းချင်း ရန်စောင်နေမှ၊ အင်အား ယုတ်လျော့နေမှ၊ ပြိုကွဲနေမှသာ တရုတ်ကို ပိုပြီး မှီခို အားကိုးလာရပြီး တရုတ်ရဲ့ ဩဇာလွှမ်းမိုးနိုင်မှု ပိုအားကောင်းလာမယ်ဆိုရင် တရုတ်က ဒီကိစ္စကို သေချာပေါက် လုပ်မှာပါပဲ။

#မြန်မာ့အရေး #ခြယ်လှယ်စွက်ဖက် #တရုတ် #အခင်းအကျင်း #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH