ဧပြီလဟာ ပုံမှန်အားဖြင့် နွေစပါးတွေ ရင့်မှည့်ရိတ်သိမ်းချိန်ဖြစ်ပြီး အချိန်အခါမဟုတ်မိုးကြောင့် စပါးတွေဟာ ရေထိပြီး ပျက်စီးနိုင်ချေမြင့်သွားခဲ့တာပါ။
-၂၀၊ဧပြီ
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းအတွင်းက နွေစပါးစိုက်ပျိုးမြေ ထက်ဝက်နီးပါး ပျက်စီးနိုင်တယ်လို့ တောင်သူလယ်သမားအရေး လေ့လာဆောင်ရွက်နေကြသူတွေက ခန့်မှန်းထားကြပါတယ်။
သင်္ကြန်အကြိုနေ့ ဖြစ်တဲ့ ဧပြီ ၁၃ ရက်နေ့ကစလို့ ဧရာဝတီတိုင်းရဲ့ ဒေသတော်တော်များများမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ရှိခဲ့တာကြောင့် မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေနဲ့ ရိတ်သိမ်းချွေလှေ့နေဆဲ စပါးတွေ ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ DNA ရဲ့ စုံစမ်းလေ့လာမှုတွေအရသိရပါတယ်။
“ မော်ကျွန်းမှာကတော့ ဒီနေ့ထိရွာနေတုန်းပါပဲ။ စပါးခင်းတွေ ရေမြုပ်ပေါ့ ” လို့ မော်လမြိုင်ကျွန်းမြို့က လယ်သမား တဦးဖြစ်သူ ဦးထွန်းငွေက ဆိုပါတယ်။
ဧပြီလဟာ ပုံမှန်အားဖြင့် နွေစပါးတွေ ရင့်မှည့်ရိတ်သိမ်းချိန်ဖြစ်ပြီး အချိန်အခါမဟုတ်မိုးကြောင့် စပါးတွေဟာ ရေထိပြီး ပျက်စီးနိုင်ချေမြင့်သွားခဲ့တာပါ။
နွေစပါးတွေဟာ ပုံမှန်အားဖြင့် ရိတ်သိမ်းခြွေလှေ့ပြီး နေ ၂ ရက်လောက် ကောင်းကောင်းလှန်းနိုင်ရုံနဲ့ ခြောက်သွေ့သိုလှောင်နိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ အနေအထားကို ရရှိနိုင်ပေမယ့် အများစုဟာ ရင်မှည့်ချိန်မှာ မိုးရေထိခဲ့ပြီး နေလှန်းဖို့ အချိန်အပြည့် မရနိုင်ခဲ့ကြဘူးလို့ လပွတ္တာက လယ်သမားတွေက ဆိုပါတယ်။
“ တော်ရုံစိုတာလောက်ဆိုရင်တော့ ကျွန်တော်တို့ အခြောက်ခံစက်နဲ့ လုပ်လို့ရတာမျိုးရှိတယ်။ ခုကျ အခြောက်ခံစက်ကလည်း အရမ်းစိုသွားရင် မရတော့ဘူး။ ပြီးတော့ အကုန်လုံးလိုဖြစ်ကြတော့ စက်က မနိုင်တော့ဘူးပေါ့ ပျက်ပေါ့ဗျာ ” လို့ လပွတ္တာက လယ်သမား တဦးဖြစ်ကို ကိုလူပျိုကြီးက ပြောပါတယ်။
စပါးပေါက်ဈေးဟာ ယခင်နှစ်တွေကထက် ထက်ဝက်နီးပါး ဈေးကျနေတဲ့အချိန်မှာ စပါးတွေရေစိုတာကြောင့် အရည်အသွေးကျဆင်းရင် ဈေးပိုကျလာမှာဖြစ်ပြီး ရောင်းမရ၊ ကြိတ်ခွဲရင်လည်း ဆန်ကွဲ (သို့) အရည်အသွေး မကောင်းတဲ့ဆန်တွေ ထွက်လာဖို့ ရာခိုင်နူန်းများတယ်လို့ သိရပါတယ်။
“ မိုးလေဝသ သတင်းတွေလည်း ကျွန်တော်တို့ကြည့်ပါတယ်။ မိုးရွာမယ်ဆိုတာလည်း ကြိုသိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က စပါးခင်းကို ဘာနဲ့သွားအုပ်ထားမှာတုန်း ” လို့ ဦးထွန်းငွေက ဆိုပါတယ်။
ယခုလို အခြေအနေမျိုးတွေ ယခင် အရပ်သား အစိုးရလက်ထက်တွေကလည်း ဖြစ်ခဲ့ဖူးပေမယ့် ဆုံးရှုံးမှုတွေ မများခဲ့သလို အစိုးရရဲ့ စီမံဆောင်ရွက်မှုတွေကြောင့် စိုးရိမ်ပူပန်မှုတွေလည်း အခုလောက်ထိ မများခဲ့ဖူးဘူးလို့ တောင်သူလယ်သမားတွေက DNA ကိုပြောပါတယ်။
“ ကျွန်တော်တို့က သဘာဝကဖြစ်နေတာကို တားလို့မရဘူး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုပဲ ပြင်ဆင်လို့ရတာ။ ဟိုးအရင်တုန်းကတော့ ဒါတွေကို မသိခဲ့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ လယ်သမားတွေအတွက် သီးနှံဖျက်မိုးတွေရွာရင် ဘာတွေလုပ်ပေးမယ်ဆိုတဲ့ အစိုးရမျိုးရှိခဲ့ဖူးတော့မှ အော် ဒီလိုလုပ်လို့ရတာပဲပေါ့။ ခုကတော့ ဘာမှကို မမျှော်ချင်တော့ပါဘူးဗျာ ” ကိုလူပျိုကြီးက ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ မိုးရွာသွန်းမှုတွေအပြင် စစ်ရေးအရှိန်ပြင်းထန်နေတာကြောင့် စစ်ရှောင်ရတဲ့နေရာတွေ တိုးလာနေပြီး ရင့်မှည့်နေတဲ့ စပါးတွေကို ဒီတိုင်းထားပစ်ခဲ့ရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေသလို ရေကြည်၊ ငသိုင်းချောင်းဘက်တွေမျာလည်း စစ်ရှောင်နေရတဲ့ အနေအထားရှိနေပါတယ်။