“ဆန်ရှိတဲ့လူတွေ အဆင်ပြေနေသေးတယ်။ လက်လုပ်လက်စားတွေကတော့ ချေးငှားစားသောက်နေရတယ်”လို့ ကုန်းပြင်ကျေးရွာအုပ်စုထဲမှ နေထိုင်သူက ပြောပါတယ်။
ဧပြီ ၁၉
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်မှာရှိတဲ့ ရေနံသာစစ်ဆေးရေးဂိတ်ဟာ လူတဦးကို ဆန် ၂ ပြည်သာ သယ်ယူခွင့်ပြုတာကြောင့် ပုသိမ် – မုံရွာလမ်းလမ်းအနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ ပြည်သူ တွေ စားဝတ်နေရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေနံသာစစ်ဆေးရေးဂိတ်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ငသိုင်းချောင်းမြို့မှာ ကောက်သစ်ဆန် တပြည်ကို ကျပ် ၄ ထောင်ဝန်းကျင်ရှိပေမယ့် ရေနံသာစစ်ဆေးရေးဂိတ်အကျော် ကုန်းပြင်ကျေးရွာအုပ်စု ထဲမှာဆိုရင် တော့ တပြည်ကို ၆ ထောင်ပတ်ချာလည်လောက်အထိ ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
“ မိုးတွင်းဆိုရင်တော့ ကုန်းပြင်ဘက်ကလူတွေ စားစရာ ဒီထက်ပိုခတ်မယ်။ စစ်တပ်ကလည်း ဒီရက်ပိုင်း ရိုးမဘက်ကို ဆန်သယ်တာနဲ့ပတ်သက်လို့ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်” လို့ ငသိုင်းချောင်းမြို့ မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ရေနံသာစစ်ဆေးရေးဂိတ်ဟာ ဆန်သယ်ယူခွင့်ကို လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစတင်ပြီးတော့ ကန့်သက်ခဲ့ မှုတွေ ပြုလုပ်ခဲ့တာပါ။
“ဆန်ရှိတဲ့လူတွေ အဆင်ပြေနေသေးတယ်။ လက်လုပ်လက်စားတွေကတော့ ချေးငှားစားသောက်နေရတယ်လို့” ကုန်းပြင်ကျေးရွာအုပ်စုထဲမှ နေထိုင်သူက ပြောပါတယ်။
အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ် အကြား ပုသိမ် – မုံရွာလမ်းပိုင်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ၃ လကျော်ရှိခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ပုသိမ် – မုံရွာလမ်း အနီးက ကျေးရွာနေ ပြည်သူလူထုအများစုဟာ စစ်ဘေးရှောင်နေကြပါတယ်။
ဧပြီလ ၁၈ ရက် ညနေပိုင်းကတော့ စစ်ကောင်စီတပ်ဟာ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ကြားက နဂါးရစ်တောင်ဘက်က ကျေးရွာတွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကုန်းပြင်ကျေးရွာအုပ်စု မှာနေထိုင်သူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့ ကျေးရွာတွေကို မသိရပေမယ့်လည်း လေကြောင်းတိုက် ခိုက်ခဲ့တဲ့ တည်နေရာကို ရေကြည် အမြှောက်တပ် ၃၄၄ ကနေ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ တယ်လို့ သူကပြောပါတယ်။
“ကျွန်မတို့ရေနံသာဂိတ်နားအရောက်မှာ လေယာဉ်တွေ ဗုံးကြဲတာ။ နှစ်ကြိမ်ကြဲ တာ” လို့ ကုန်းပြင်ဒေသခံကပြောပါတယ်။
AAသိမ်းပိုက်ထားတဲ့ ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့နဲ့ ရေနံသာဂိတ်နဲ့အနီးဆုံးဧရာဝတီတိုင်း ငသိုင်းချောင်းမြို့က၃၅မိုင်လောက်သာကွာဝေးတာလည်းဖြစ်ပါတယ်။